ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာတွင် ခရမ်းသီးစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်များစွာရှိ

Powered by Drupal

         ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာတွင် ကိုင်းကျွန်းမြေများ၌ ခရမ်းသီးများကို နှစ်စဉ်စိုက်ပျိုးကြခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးလျက်ရှိကြောင်း ခရမ်းသီးစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။ ယခုအချိန်တွင် ကျွန်းခရမ်းသီးများကို စတင်စိုက်ပျိုးချိန်ဖြစ်သည်။ ကျွန်းခရမ်းသီးများမှာ ထောပတ်သီးမျိုး၊ စိမ်းကြားမျိုးဟူ၍ နှစ်မျိုးရှိသည်။ ဝါဆိုလကုန် မြစ်ရေကျချိန်တွင် ကိုင်းကျွန်းမြေများကိုပြုပြင်ပြီး ခရမ်းသီးမျိုးစေ့များကိုစတင်ပျိုးထောင်ကြပါသည်။ ခရမ်းသီးမျိုးပင်များကို (၀.၇၅)ဧကလျှင် ပျိုးပင်ရေ (၅၂၀၀)ခန့်စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပင်များကို တစ်လခွဲမှစ၍ ကိုင်းကျွန်းမြေများ၌ စတင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး (၇)ရက်သားခန့်တွင် မြေဩဇာများကို စတင်ကျွေးရပြီး အသုံးပြုသောမြေဆီများမှာ ပုလဲ၊ (၁၅:၁၅) ပတ်လည်တစ်အိတ်မှ သုံးအိတ်ထိကြဲပက်ရပြီး မြေဆီတစ်အိတ်လျှင် ကျပ်(၁၁၅၀၀၀) မှ ကျပ်(၁၂၀၀၀၀)ထိပေးရပြီး ခရမ်းသီးပင်များကို ရေသွင်းစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်မှာ ကျပ်(၁၅)သိန်းခန့်ကုန်ကျကြောင်း ခရမ်းသီးစိုက်တောင်သူများထံမှသိရှိရပါသည်။

          ခရမ်းသီးစိုက်ပျိုးပြီး (၂)လသားအရွယ်တွင် စတင်အသီးများသီးပြီး တစ်ဧကစိုက်ပျိုးထွက်ရှိမှုမှာ ပိဿာချိန် (၇၅)ပိဿာခူးဆွတ်ရပြီး ခူးဆွတ်ပြီး တစ်ပတ်ခြားတွင် ဆက်လက်ခူးဆွတ်ရကြောင်း၊ ခရမ်းသီး လက်ကားဈေးနှုန်းမှာ အလုံးအရွယ်အစားကိုလိုက်၍ အလုံးကြီး (ဖုတ်လုံး) တစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ အလုံးသေး (ချက်လုံး) တစ်ပိဿာလျှင် ကျပ်(၅၀၀၀)ခန့်ဖြင့်ရောင်းချရကြောင်း၊ တောင်သူများအနေဖြင့် ခရမ်းသီးရာသီတုန်းချိန်ရောက်သည့် တပေါင်း၊ တန်ခူးအထိ ခူးဆွတ်ရောင်းချရကြောင်း၊ အကျိုးအမြတ်မှာလည်း များစွာရရှိကြောင်း ခရမ်းသီးစိုက်တောင်သူထံမှသိရှိရပါသည်။

DOCA(မကွေး)