ဖြူးမြို့၌ ဝါကျွတ်ကာလနောက်ပိုင်း အုန်းသီးများဈေးတက်

Powered by Drupal

         အုန်းပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး နေရာဒေသမရွေးစိုက်ပျိုး၍ လွယ်ကူသည့်အပင်မျိုးဖြစ်ရာ ဖြူးမြို့တွင်လည်း အိမ်ခြံဝင်းများ၌ အုန်းပင်များကိုစိုက်ပျိုးကြပါသည်။ အုန်းသီးသည် မြန်မာ့ရိုးရာမုန့်များတွင် မပါမဖြစ်သကဲ့သို့ မြန်မာ့ရိုးရာကိုးကွယ်သည့် ဘုရားပွဲ၊ နတ်ပွဲများ၊ အလှူတော်မင်္ဂလာပွဲများတွင် အုန်းသီးသည် မပါမဖြစ်သည့် ပွဲတင်သစ်သီးဖြစ်ပါသည်။

        ဖြူးမြို့မဈေးနှင့် ဈေးပြင်ပရှိ အုန်းသီးဆိုင်များတွင် ဝါတွင်းကာလက အုန်းသီးအစိမ်းတစ်လုံးလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်၊ အုန်းသီးအခြောက်တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၁၈၀၀ကျပ်အထိရှိခဲ့ရာမှ ဝါကျွတ်ပြီး အလှူမင်္ဂလာပွဲပေါသည့်ကာလတွင် အုန်းသီးအစိမ်းတစ်လုံးလျှင် ၅၀၀၀ကျပ်မှ ၇၀၀၀ကျပ်အထိ၊ အုန်းသီးအခြောက်တစ်လုံးလျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်အထိ ဈေးနှုန်းနှစ်ဆကျော်မြင့်တက်လာပါသည်။

           ယခုအခါ ကထိန်ကာလပြီးဆုံးတော့မည်ဖြစ်၍ အလှူအတန်းနည်းပါးလာတော့မည်ဖြစ်ရာ အုန်းသီးဈေးနှုန်းလည်း အနည်းငယ်ကျဆင်းလာပါသည်။ ယခုအပတ်အတွင်း အုန်းသီးအစိမ်းတစ်လုံးလျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်အထိ၊ အုန်းသီးအခြောက်တစ်လုံးလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိ ဈေးနှုန်းအနည်းငယ်ပြန်လည်ကျဆင်းကြောင်း အုန်းသီးအရောင်းဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)