မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်းစိုက်ပျိုးကြကြောင်းသိရသည်။
ယခုအခါ နှမ်းများ ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသောနှမ်းဈေးနှုန်းများမှာ နိုဝင်ဘာလ တတိယပတ်တွင် နှမ်းနက်(စမုံ)တစ်တင်းလျှင် ၂၁၀၀၀၀ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ၁၄၀၀၀၀ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောနှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။
ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းများသည် ယခင်ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)တစ်တင်းလျှင် ၅၀၀၀ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ၁၃၀၀၀ကျပ်ကျဆင်းလာကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)