ဥရောပသမဂ္ဂသို့ တရားဝင်လမ်းကြောင်းမှတစ်ဆင့် တင်ပို့မှုတိုးချဲ့ရန် ဗီယက်နမ်လုပ်ငန်းများအားတိုက်တွန်း

Powered by Drupal

       ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT) အောက်ရှိ ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီသည် ဥရောပဈေကွက်သို့ တရားဝင်လမ်းကြောင်းများမှ တစ်ဆင့် ကုန်သွယ်မှုတိုးမြှင့်နိုင်မည့် အလားအလာနှင့်ပတ်သတ်၍ ဆွေးနွေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ MoIT ၏ ဥရောပ-အမေရိကဈေးကွက်ဆိုင်ရာဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ Dinh Sy Minh Lang က ဗီယက်နမ်အကောက်ခွန်မှ အချက်အလက်များက ဥရောပသမဂ္ဂ-ဗီယက်နမ် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (EVFTA)  အသက်ဝင်သည့် ၂၀၂၀ခုနှစ်၊ ဩဂုတ်လမှစ၍ ဥရောပသမဂ္ဂသည် ဗီယက်နမ်၏ ကုန်သွယ်ရေးမိတ်ဖက်တစ်ဦးအဖြစ် ပေါ်ထွက်လာကြောင်းပြောကြားခဲ့ပါသည်။ လွန်ခဲ့သည့် ၄နှစ်အတွင်း ဗီယက်နမ်မှ ဥရောပသမဂ္ဂသို့ တင်ပို့မှုတန်ဖိုးမှာ ခန့်မှန်း အမေရိကန်ဒေါ်လာ ၂၀၀ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၂-၁၅ ရာခိုင်နှုန်းတိုးတက်လာကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ ဇူလိုင်လတစ်လတည်းတွင် ဗီယက်နမ်သည် ဥရောပသမဂ္ဂထံမှ ကုန်သွယ်‌ရေးပိုငွေ စံချိန်တင် အမေရိကန်ဒေါ်လာ ၂၀.၂ ဘီလီယံရှိခဲ့ကြောင်းသိရပါသည်။ ဥရောပသမဂ္ဂသည် ယခုအခါဗီယက်နမ်၏ ၆ခုမြောက် အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်အဖြစ် ရပ်တည်နေပြီးဖြစ်ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံရှိ ဥ‌ရောပကုန်သည်များအသင်းထံမှ အချက်အလက်အရ EVFTA သည် ဗီယက်နမ်၏ဥရောပသမဂ္ဂသို့တင်ပို့မှုကို သိသာစွာမြှင့်တင်ပေးနိုင်ခဲ့ပြီး ၂၀၁၉ တွင် အမေရိကန်ဒေါ်လာ ၃၅ဘီလီယံရှိခဲ့ရာမှ ၂၀၂၃ တွင် အမေရိကန်ဒေါ်လာ ၄၈ဘီလီယံထိမြင့်တက်လာခဲ့ကြောင်းသိရပါသည်။ ထိုသဘောတူညီချက်အောက်တွင် အီလတ်ထရောနစ်၊ အဝတ်အထည်၊ ဖိနပ်၊စိုက်ပျိုးရေးထုတ်ကုန်နှင့် ပင်လယ်စာ အစရှိသည့်ကဏ္ဍများသည် အကောက်ခွန်လျှော့ချခြင်းကိုခံစားရသည့် အကျိုးကျေးဇူးများရရှိခဲ့ကြောင်းသိရပါသည်။ Lamp က ပုံမှန်တင်ပို့သည့်နည်းလမ်းများသည် မြင့်မားသည့်အခွန်နှုန်း၊ တင်းကျပ်သောအရည်အသွေးထိန်းချုပ်မှုနှင့် စည်းကမ်းတင်းကျပ်သော စာရွက်စာတမ်းမှတ်တမ်းတင်ခြင်းတို့ကြောင့် ပိုမိုရှုပ်ထွေးကြောင်းနှင့် သို့သော်  ထိုအချက်သည် ဗီယက်နမ်လုပ်ငန်းများနှင့်ထုတ်ကုန်များ ကမ္ဘာ့စျေးကွက်များတွင် ဂုဏ်သတင်းကိုမြှင့်တင်ပေးနိုင်မည်ဟုပြောကြားခဲ့ပါသည်။ တရားဝင်လမ်းကြောင်းမှတင်ပို့ခြင်းသည် ဝယ်လိုအားများသော စျေးကွက်များသို့ဝင်ရောက်ရန် ခွင့်ပြုပေးနိုင်ပြီး နိုင်ငံတော်ကပံ့ပိုးသည့်မူဝါဒများမှ အကျိုးကျေးဇူးများကိုခံစားရနိုင်ကြောင်းပြောကြားခဲ့ပါသည်။ တရားဝင်လမ်းကြောင်းမှတင်ပို့ရာတွင် အောင်မြင်မှုရရှိစေရန်အတွက် စီးပွားရေးလုပ်ငန်းများသည် ဦးစားပေးဈေးကွက်များကိုရွေးချယ်ရန်၊ စံနှုန်းများနှင့်စည်းမျဉ်းများကို သုတေသနပြုရန်နှင့် ထိရောက်သော မဟာဗျူဟာများဖွံ့ဖြိုးတိုးတက်လာရန် ၎င်းတို့၏စွမ်းရည်ကို အကဲဖြတ်ရန်လိုအပ်ကြောင်း Lamp က အကြံပြုခဲ့ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ၎င်းတို့၏ထုတ်ကုန်များအတွက် သင့်လျော်သောစံနှုန်းများထားရှိရန်၊ အရည်အသွေးထိန်းချုပ်သည့် စနစ်တည်ဆောက်ရန်နှင့် ထိန်းသိမ်းရန်၊ လုပ်သားများ၏ကျွမ်းကျင်မှုကိုမြှင့်တင်ရန်၊ နည်းပညာအဆင့်မြှင့်တင်ရန်နှင့် တင်ပို့ရာဈေးကွက်များ၏ ဝယ်လိုအားနှင့်ကိုက်ညီသည့် အရည်အသွေးမြင့်သော ထုတ်ကုန်များထုတ်လုပ်ရာတွင် အဓိက အာရုံစိုက်ရန်လိုအပ်ကြောင်းသိရပါသည်။ ထို့ပြင် UK စျေးကွက်သို့ ဝင်ရောက်ခွင့်ရရန်အတွက် AI နှင့် Digital Marketing အသုံးပြုရန်နှင့် နိုင်ငံတကာကုန်စည်ပြပွဲများတွင် ပါဝင်ဆင်နွှဲရန်လိုကြောင်းသိရပါသည်။ ထိုမဟာဗျူဟာများကို‌ ရွေးချယ်ချမှတ်ခြင်းအားဖြင့် ဗီယက်နမ်လုပ်ငန်းများသည် ဥရောပစျေးကွက်တွင် ၎င်းတို့၏ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်နိုင်မည်ဟု Lamp ကအကြံပြုခဲ့ကြောင်းသိရပါသည်။

VietnamPlus

DOCA(ရန်ကုန်)