တောင်ငူခရိုင်၊ ဖြူးမြို့မှ ဒေသထွက်လက်ဆောင်မွန် ခြင်္သေ့မင်းမြေပဲယို

Powered by Drupal

         တောင်ငူခရိုင်၊ ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်မှ ခြင်္သေ့မင်းအမှတ်တံဆိပ် မြေပဲယိုသည် လူကြိုက်များသော ဒေသထွက်လက်ဆောင်တစ်ခုဖြစ်ပါသည်။ ၎င်းမြေပဲယိုလုပ်ငန်းသည် လွန်ခဲ့သော ၄၅နှစ်ခန့် ၁၉၇၈ခုနှစ်မှစတင်ခဲ့ပြီး ထိုစဉ်က ဖြူးဈေးအတွင်း အလေးချိန်ဖြင့်ရောင်းချရာမှ လက်ရှိကာလအထိ ထုပ်ပိုးမှုအဆင့်ဆင့်ဖြင့်ရောင်းချရင်း လူသိများကာ ဈေးကွက်ရှိနေသော မြေပဲယို၊ နှမ်းယိုဖြစ်ပါသည်။

           လုပ်ငန်းစတင်စဉ်က ထန်းလျက်မြေပဲယိုနှင့်စတင်ခဲ့ပြီး ၁၉၈၀ခုနှစ်ခန့်မှစ၍ သကြားမြေပဲယိုကို ကိုယ်ပိုင်ဖော်မြူလာထွင်ခဲ့ပါသည်။ ထိုစဉ်က ပစ္စည်းလည်းဈေးပေါ၍ အပျက်အစီးခံနိုင်ခဲ့သဖြင့် လူအများကြိုက်နှစ်သက်သည့် သကြားမြေပဲယိုဖော်မြူလာကိုရရှိခဲ့ပြီး ထန်းလျက်မြေပဲယိုအစား သကြားမြေပဲယိုကို ပြောင်းလဲထုတ်လုပ်ခဲ့ပါသည်။

            ယခုအခါ သကြားမြေပဲယို၊ သကြားနှမ်းယိုနှင့် ကြံသကာမြေပဲယိုများ ထုတ်လုပ်ရောင်းချလျက်ရှိနေပါသည်။ ကြံသကာမြေပဲယိုကို အချပ်ကြီးနှင့် အချပ်သေးဟူ၍ နှစ်မျိုးထုတ်လုပ်ပါသည်။ ဈေးနှုန်းများအနေဖြင့် သကြားမြေပဲယို(၅)ချပ်တွဲပါ တစ်ထုပ်လျှင် ၅၀၀၀ကျပ်၊ သကြားနှမ်းယိုတစ်ထုပ်လျှင် ၄၅၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။

           ဒေသတွင်း၌ ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပြင် ပဲခူး၊ ရန်ကုန်၊ ပန်းတနော်၊ ပုသိမ်၊ မိတ္ထီလာ၊ မန္တလေး၊ မူဆယ်၊ ဘားအံ၊ မြဝတီမြို့များသို့ တင်ပို့ရောင်းချရပြီး မြဝတီမြို့မှ တစ်ဆင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အထိ တင်ပို့ရောင်းချရကြောင်းသိရပါသည်။ 

             မိသားစုတစ်နိုင်တစ်ပိုင်သာလုပ်ကိုင်သော်လည်း မှာသလောက် တင်ပို့ပေးနိုင်အောင်ထုတ်လုပ်ကြောင်း၊ လုပ်ငန်းတိုးချဲ့ချင်သော်လည်း လုပ်သားအခက်အခဲကြောင့် တိုးချဲ့နိုင်ခြင်းမရှိကြောင်း လုပ်ငန်းရှင် ဒေါ်မြင့်မြင့်ကြည်၏ ပြောပြချက်အရသိရပါသည်။

DOCA(ပဲခူး)