ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မိုးနှမ်းစိုက်ဧက (၂၅ဧက) စိုက်ပျိုးနိုင်ခဲ့ပြီး၊ ပျှမ်းမျှအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၉တင်း)နှုန်းဖြင့် တင်းပေါင်း(၂၂၅တင်း)ထွက်ရှိခဲ့ပါသည်။ နှမ်းသီးနှံသည် ဆီထွက်သီးနှံများထဲတွင် ကုန်ကျစရိတ်သက်သာသည့်အတွက် တောင်သူများ အလွယ်တကူစိုက်ပျိုးနိုင်ကြောင်းသိရပါသည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ တောင်သူများသည် မိမိတို့ဒေသတောင်ယာများတွင် နှမ်းသီးနှံများအား နှမ်းဆီ၊ နှမ်းယိုနှင့် နှမ်းဖတ်ပြုလုပ်ရန် တစ်နိုင်တစ်ပိုင်ထည့်သွင်းစိုက်ပျိုးကြပါသည်။ အောက်တိုဘလာ ဒုတိယပတ်တွင် ဆောင်းနှမ်းကိုစတင်စိုက်ပျိုးခဲ့ပြီး၊ တစ်ဧကလျှင် နှမ်းမျိုး(၂)ပြည်ခန့်သာကြဲပက်ရပါသည်။ နှမ်းမျိုးကို ဝယ်စရာမလိုဘဲ မိမိတို့ဒေသထွက် ယခင်နှစ်က သိုလှောင်ထားသော နှမ်းမျိုးစေ့များကိုသာ ပြန်လည်စိုက်ပျိုးခြင်းဖြစ်ပြီး တစ်ဧကကုန်ကျစရိတ်အဖြစ် ၃သိန်းခွဲခန့်ကုန်ကျပါသည်။ စိုက်ပျိုးပြီး ရက်ပေါင်း ၈၅ရက်မှ ၉၀ရက် အကြာတွင် ရိတ်သိမ်းရကြောင်း၊ ဒေသတွင်း လက်ရှိဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ၁၂၀၀၀၀/-ကျပ်ထိဈေးရရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)