ထားဝယ်ဒေသထွက် ပုစွန်ငါးပိခေါ် မျှင်ငါးပိ

Powered by Drupal

        မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာစားသုံးကြသည့် အစားအစာများတွင် ငါးပိသည်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။ ငါးပိတွင် ရေချိုငါးပိနှင့် မျှင်ငါးပိဟူ၍နှစ်မျိုးရှိပါသည်။ ထားဝယ်ဒေသတွင် မျှင်ငါးပိကို စိမ်းစားငါးပိဟုလည်းခေါ်သည်။ မျှင်ငါးပိကို မျှင်ကောင်(ပုစွန်ငယ်တစ်မျိုးဖြင့်) ပြုလုပ်ရ၍ မျှင်ငါးပိဟုခေါ်ဆိုကြသည်။ မျှင်ငါးပိ (ပုစွန်ငါးပိ)၏ အခြေခံကုန်ကြမ်းမှာ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ကမ်းခြေအနီးတွင် ဝင်ရောက်ကျက်စားလေ့ရှိသော မျှင်ကောင်လေးများဖြစ်ပါသည်။ မျှင်ကောင်မှရသောဥကို “ဂွေးဥ”ဟုလည်းခေါ်ကြပါသည်။ မျှင်ကောင်လေးများမှာ အကောင်ရေသိန်းသန်းချီပြီး ကမ်းခြေအနီး ရေတိမ်ပိုင်းတွင် အုပ်စုဖွဲ့နေထိုင်လေ့ရှိကြပါသည်။

        အရွယ်အစားမှာ အလွန်သေးငယ်ပြီး အရောင်မှာ အနီရောင်သန်းကာ ပုံသဏ္ဌာန်မှာ ပုစွန်နှင့်တူပြီး ပုန်အငယ်စားလေးဖြစ်ပါသည်။ မျှင်ငါးပိ(ပုစွန်ငါးပိ)ပြုလုပ်ရာ၌ ပထမဦးစွာ ဖမ်းဆီးရမိလာသော မျှင်ကောင်များအား အမှိုက်၊ သဲများနှင့်ရောနှောပါလာတတ်သည့် ငါးငယ်များကို ဖယ်ယူသန့်စင်ရပါသည်။ ထို့နောက် မျှင်ကောင် (ပုစွန်ငယ်)လေးများအား တစ်နေ့လုံး နေရောင်ရနိုင်သည့် ကွင်းပြင်ကျယ်များတွင် သန့်ရှင်းသည့် အကွက်စိပ်ပလတ်စတစ်ပိုက်များခင်းကာ တစ်နေ့တာနေလှန်းပြီးနောက် မျှင်ခြောက်များအား ဒေသရိုးရာလက်ထောင်းဆုံ၊ ခြေနင်းမောင်းဆုံတို့ဖြင့် ရေနည်းငယ်ဆွတ်ဖျန်း၍ ကြေညက်အောင်ထောင်းရပါသည်။ ထိုသို့ထောင်းယူပြီးနောက် အဖဲ့ငယ်များဖဲ့ကာ နေထပ်လှန်းရပါသည်။ ပထမအကြိမ် တစ်ထပ်ထောင်းနေလှန်းပြီးနောက် ဒုတိယအကြိမ်တွင်လည်း ရှေ့နည်းတူ ထပ်ထောင်းရပါသည်။ ထိုသို့ထောင်းပြီးနောက်တွင် နောက်တစ်ကြိမ်ထပ်၍ နေလှန်းပြီးလျှင် ရှေ့နည်းတူထပ်၍ ထောင်းပြီးပါက အသင့်စားသုံးနိုင်သည့် “သုံးထပ်ထောင်းမျှင် ငါးပိမွှေးမွှေးလေး” ကိုရရှိပါသည်။ မျှင်ငါးပိတွင် ရေငွေ့ဓာတ်၊ အသားဓာတ်၊ ထုံးဓာတ်ပါဝင်သောကြောင့် အဟာရဓာတ်မြင့်မားကြောင်းသိရှိရပါသည်။

         ထားဝယ်ဒေသထွက် ထားဝယ်ငါးပိထောင်း၊ ငါးပိသုပ်မှာ နာမည်ကျော်လှပါသည်။ ငါးပိထောင်း၊ ငါးပိသုပ်မှာ ဆီမလိုသောကြောင့် ကျန်းမာရေးလည်းညီညွတ်၊ ချွေတာရာလည်းရောက်ကာ စွဲမက်ဖွယ်အရသာလည်းရှိ၍ လူအများနှစ်ခြိုက်ကြပါသည်။ ငါး၊ ပုစွန်တို့ဖြင့်ပြုလုပ်ထားသောငါးပိကို မြန်မာလူမျိုးများမှာ ငါးပိသုပ်၊ ငါးပိကြော်၊ ငါးပိချက်၊ ငါးပိထောင်း၊ ငါးပိရည်ကျိုပြုလုပ်၍ အတို့အမြှုပ်ဖြင့် စားသုံးရသည်ကိုနှစ်သက်ကြပါသည်။ မြန်မာ့ထမင်းဝိုင်းတွင် ငါးပိသည် မပါမဖြစ်အရေးပါသော ရေထွက်ထုတ်ကုန်တစ်ခုဖြစ်ကာ ထားဝယ်မြို့၌ ငါးပိတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)