ပခုက္ကူမြို့မဈေးတွင် ရှမ်းအာလူးများဈေးကောင်းရနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် မိမိတို့ ဒေသထွက်အာလူးနှင့် ရှမ်းပြည်နယ်ဒေသမှ ထွက်ရှိသောအာလူးများ ရောင်းဝယ်ဖောက်ကား လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်တွင် ကမ္မ၊ မြစ်ခြေ၊ ပေါက်နှင့် ရေပြာနယ်များတွင် အာလူးများကို အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရှမ်းပြည်နယ် ဒေသမှထွက်ရှိသော ရှမ်းအာလူးများ၊  ရှမ်းတရုတ်အာလူးများ ဝင်ရောက်အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

      ရှမ်းပြည်နယ်ဒေသမှထွက်သော အာလူးမျိုးများမှာ ချက်ပြုတ်စားသောက်ရာတွင် အရသာကောင်းမွန်ခြင်း၊ စီးခြင်းတို့ကြောင့် လူကြိုက်များပြီး အရောင်းအဝယ်လည်း သွက်လျက်ရှိပါသည်။ ရှမ်းပြည်နယ်မှလာသော အာလူးသီးများ၏ဈေးနှုန်းများမှာ အာလူးသီးအလုံးအရွယ်အစားပေါ် မူတည်၍ ဈေးနှုန်းများလည်း ကွာခြားလျက်ရှိပါသည်။  အာလူးသီးအလုံး(သေး) တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ အာလူးသီးအလုံး(လတ်)တစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ အာလူးသီး အလုံး(ကြီး) တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)ဈေးဖြင့်ရောင်းချနေပြီး နေ့စဉ်ကုန်ဝင်ချိန်မှာ တစ်နေ့လျှင် ပိဿာချိန် (၅၀၀၀-၆၀၀၀)ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုသို့ ဈေးနှုန်းကြီးမြင့်ရခြင်းမှာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်း၊ စက်သုံးဆီဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့်ဖြစ်ကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)