မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကျွန်းညိုကြီးကျေးရွာတွင် ကိုင်းကျွန်းမြေများ၌ ပဲတောင့်ရှည်သီးများကို နှစ်စဉ် စိုက်ပျိုးကြခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးလျက်ရှိကြောင်း ပဲတောင့်ရှည်သီး စိုက်တောင်သူ တစ်ဦးထံမှ သိရသည်။ ပဲတောင့်ရှည်မျိုးစေ့များကို တစ်ထုတ်လျှင် ကျပ်(၈၀၀၀)ပေးရပြီး ကိုင်းကျွန်း မြေများတွင် ၃ ပင်ကြား မြောင်းများတူးဖော်၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး (၂၀)ရက်သားခန့်တွင် တိုင်ထောင်ရကြောင်း၊ အသုံးပြုသည့် ဓါတ်မြေဩဇာမှာ ယူရီးယားဓါတ်မြေဩဇာဖြစ်ပြီး (၇)ရက်(၁)ကြိမ် ကျဲပက်ရကြောင်း၊ အပင်(၁)လ ခွဲခန့်တွင် အပွင့်များ စတင်ပွင့်လာပြီး အသီးများစတင်သီးလာကြောင်း တောင်သူများထံမှ သိရသည်။
ပဲတောင့်ရှည်သီးများကို (၀.၂၅)ဧကစိုက်ပျိုးလျှင် တစ်နေ့လျှင် အထွက်နှုန်း ကုန်ချိန် (၇၅)ပိဿာခန့်ထွက်ရှိကြောင်း၊ အသီးများကို (၁)ရက်ခြား ခူးဆွတ်ရကြောင်း၊ ပဲတောင့်ရှည်သီးများ စတင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် ကျပ်(၆၀၀၀-၇၀၀၀)ရောင်းရကြောင်း၊ ယခုအချိန်တွင် ပဲတောင့်ရှည်သီး လက်ကား တစ်ပိဿာလျှင် ကျပ်(၂၅၀၀)နှုန်းဖြစ်ပြီး လက်လီတစ်ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)ရောင်းချရကြောင်း၊ စိုက်ပျိုးတောင်သူများအနေဖြင့် ဝင်ငွေအမြတ်များစွာ ရရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)