ဝါအသစ်များဈေးကွက်တွင် အရောင်းအဝယ်ဖြစ်

Powered by Drupal

                မိတ္ထီလာနှင့် ရမည်းသင်းခရိုင်ရှိ မြို့နယ်များ၌ နိုဝင်ဘာလဆန်းမှစ၍ ဝါသီးနှံအသစ်များ ဈေးကွက်သို့ဝင်ရောက်ကြောင်းသိရသည်။ ယခုနှစ်တွင် ဝါသီးနှံစိုက်ပျိုးမှုအနည်းငယ်နောက်ကျသည့်အတွက် ဈေးကွက်ဝင်ရောက်မှုမှာလည်းအနည်းငယ်နောက်ကျခြင်းဖြစ်ကြောင်း သိရသည်။ ဈေးကွက်သို့ အောက်တိုဘာလတွင် စတင်ဝင်ရောက်လေ့ရှိပြီး ယခုနှစ်မှတော့ နိုဝင်ဘာလမှသာဝင်ရောက်လာခြင်းဖြစ်ပါသည်။ ဝါဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၁၀၀-၃၃၀၀) ကျပ်ဈေးရှိပြီး၊ ဂွမ်းအနေနှင့် အရောင်းအဝယ်နည်းသေး၍ တစ်ပိဿာလျှင် (၈၀၀၀-၁၀၅၀၀) ကျပ်ထိရှိကြောင်း သိရသည်။

               ဝါသီးနှံကို မိုးကြို၊ မိုး၊ မိုးနှောင်းဟူ၍စိုက်ပျိုးရာ မိတ္ထီလာခရိုင်တွင် ယခုနှစ်ရာသီဥတုအခြေအနေရ မိုးနှောင်းဝါကိုအစိုက်များကာ အထွက်နှုန်းများသော ချည်မျှင်ရှည်ဝါကိုပိုမိုစိုက်ပျိုးကြောင်းသိရသည်။ ခရိုင်အတွင်းမြို့နယ်အလိုက် စိုက်ပျိုးမှုတွင် ဝမ်းတွင်းမြို့နယ်မှာ ဧကအများဆုံးစိုက်ပျိုးရသဖြင့် ရမည်းသင်းခရိုင်တွင်လည်း မြို့နယ်အလိုက်စိုက်ပျိုးရာ မိုးနှောင်းဝါစိုက်ပျိုးကာ မျိုးအနေနှင့် ချည်မျှင်ရှည်ဝါကိုသာ စိုက်ပျိုးကြောင်းသိရပါသည်။ မိတ္ထီလာခရိုင်တွင် မလှိုင်မြို့နယ်၌ မလှိုင်ဝါကိုလည်းစိုက်ပျိုးကြပါသည်။ ဝါပွဲစား ပွဲရုံများအနေနှင့် ဒေသတွင်းဝါစက်များကိုရောင်းချကြရာ ဂွမ်းစက်များမှာ ပြည်တွင်းရောင်းဝယ်မှုအနေဖြင့် မန္တလေးချည်မျှင်စက်များသို့ အရည်အသွေးအနည်းငယ်နိမ့်သည့် C ၊ D အမျိုးအစားများကိုရောင်းချကြပြီး၊ ဈေးနှုန်းမှာ ဂွမ်းတစ်ပိဿာလျှင်  C မှာ (၈၉၀၀) ကျပ်၊ D မှာ (၈၀၀၀) ကျပ် ဈေးရှိကြောင်းသိရှိရပါသည်။

DOCA(မန္တ‌လေး)