အုတ်ဖိုဝါးခမောက်လုပ်ငန်း

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုမှ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှုဖြစ်ပေါ်လာမည်ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏အားပေးမြှင့်တင်မှုနှင့် အတူ (MSMEs)လုပ်ငန်းများစွာရှိသည့်အနက် အုတ်ဖိုမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာ (၂)လမ်းရှိ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်း၏ ဝါးခမောက်လုပ်ငန်းမှာ ဖြစ်ထွန်းအောင်မြင်လာပြီဖြစ်ကြောင်းသိရှိရ၍ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ရာနေရာသို့ စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်တွေ့ဆုံလေ့လာခဲ့ပါသည်။
ဦးသိန်းဝင်း၏ ဝါးခမောက်လုပ်ငန်းသည် ကုန်ကြမ်းများရင်းနှီးမြှပ်နှံမှုအနေဖြင့် ဝါး၊ ဝါးပလပ်၊ အချဉ်တံ၊ အပ်ချည်အမျိုးမျိုး၊ ဖယောင်း၊ သင်္ဘောဆေး၊ဓါတ်ဆီ ၊ပလပ်စတစ်ကြိုး စသည်ဖြင့် ရင်းနှီးမတည်မှု ကျပ်သိန်း (၁၀၀၀၀၀၀၀) ရင်းနှီးရပြီး၊ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ရန် လုပ်သားဦးရေ (၂၀)ခန့်နှင့်လုပ်ကိုင်ရသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ပါသည်။ ထုတ်လုပ်မှုအနေဖြင့် ပန်းချော၊ ငါးကြင်းကွက်၊ ဗီယက်နန်၊ ပဲခူးသူ စသည်ဖြင့် ပုံစံအမျိုးမျိုးထုတ်လုပ်ရောင်းချရပါသည်။ ဝါးခမောက်တစ်လုံးလျှင် ရင်းနှီးမြှပ်နှံမှုကုန်ကျစရိတ်အနေဖြင့် ၂၅၀၀ကျပ်ခန့်ကုန်ကျပါသည်။ ဈေးအတွင်း လက်ကားရောင်းဈေးအနေဖြင့် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်အထိဈေးနှုန်းရရှိပါသည်။ တစ်လုံးလျှင် ပျမ်းမျှအမြတ်ငွေ (၇၂၀)ကျပ်အမြတ်ရရှိပြီး တစ်လလျှင် ဝါးခမောက်အလုံးရေ (၇၀၀) လုံးခန့်ရောင်းချရသဖြင့် တစ်လအမြတ်ငွေ (၅၀၀၀၀၀/) ကျပ်ရရှိနိုင်ပါသည်။ တစ်နှစ်ပတ်လုံး ကုန်ကြမ်းများသိုလှောင်ထားရှိပြီး လုပ်ငန်းလုပ်ကိုင်ရသဖြင့် ယခင်နှစ်တွင် အကျိုးအမြတ်အနေဖြင့် လစဉ်အမြတ်ငွေ ကျပ်(၉၀၀၀၀၀)ခန့်အမြတ်ရရှိခဲ့ပါသည်။ ယခုနှစ် ဝါးပလပ်ရွက်ပေါက်ဈေးမှာ တစ်ရွက်လျှင် (၄၂)ကျပ်ခန့်မြင့်တက်လာသဖြင့် အမြတ်ဝင်ငွေနည်းပါးသွားပြီး (၅၀၀၀၀၀) သိန်းကျပ်ခန့်သာအမြတ်ရရှိပါသည်။
ဈေးကွက်ရောင်းချမှုအနေဖြင့် ဒေသတွင်း ပဲခူး၊ ပြည်၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့ရှိ ဈေးကွက်များသို့တင်ပို့ရောင်းချရကြောင်းနှင့် ဝါးခမောက်များကို နွေ၊ မိုး၊ ဆောင်း ရာသီသုံးမျိုးစလုံးတွင် အသုံးပြုနိုင်ကြောင်းလည်းသိရှိရပါသည်။
DOCA(ပဲခူး)