ဖြူးမြို့ တစ်နိုင်တစ်ပိုင် ငွေနှင်းမှိုစိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရ

Powered by Drupal

         တောင်ငူခရိုင်၊ ဖြူးမြို့တွင် တစ်နိုင်တစ်ပိုင် ငွေနှင်းမှိုစိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရရှိလျက်ရှိပါသည်။ တောင်ငူမြို့မှ မှိုပျိုးထုပ်များကိုမှာယူပြီး အလျား ၁၀ပေ၊ အမြင့် (၂)ပေခန့်ရှိသည့် စင်ထိုး၍ စိုက်ပျိုးရပါသည်။ အမိုး၊ အကာလုံခြုံအောင်ပြုလုပ်ပေးရပြီး လေဝင်လေထွက် သင့်တင့်အောင်ပြုလုပ်ထားရပါသည်။

          မှိုပျိုးထုပ်စတင်ရောက်ရှိပြီးချိန်မှစ၍ စင်ပေါ်တွင် စနစ်တကျစီထားပြီး  တစ်နေ့(၃)ကြိမ်ရေလောင်းပေးရပါသည်။ လေးငါးရက်ခန့်အကြာတွင် မှိုအိတ်များမှ အဖြူရောင်မှိုပွင့်ကလေးများ တစ်အိတ်လုံးနီးပါးပွင့်လာသည့်အခါတွင် အိတ်အဝကိုဖွင့်ပေးရပါသည်။ အိတ်ဝဖွင့်ပြီး တစ်ပတ်၊ ၁၀ရက်ကြာလျှင် မှိုပွင့်များကိုခူးဆွတ်နိုင်ပြီဖြစ်ပါသည်။

          မှိုတစ်ကြိမ်စိုက်ပျိုးလျှင် လေးငါးကြိမ်အထိခူးဆွတ်နိုင်ပါသည်။ မှိုပျိုးထုပ် ၇၅ထုပ်စတင်စိုက်ပျိုးရာ မှို ၆ပိဿာ ၇၅ကျပ်သားခန့်ထွက်ရှိပါသည်။ မှိုပျိုးထုပ်တစ်ထုပ်လျှင် ၁၂၀၀ကျပ်ဖြင့်ဝယ်ယူပြီး ထွက်ရှိလာသောမှိုများကို တစ်ဆယ်ကျပ်သားလျှင် ၁၂၀၀ကျပ်ဖြင့် ပြန်လည်ရောင်းချပါသည်။ ငွေနှင်းမှိုစိုက်ပျိုးခြင်းလုပ်ငန်းသည် မီးဖိုချောင်စရိတ်အတွက် တွက်ချေကိုက်သောလုပ်ငန်းဖြစ်သောကြောင့် ရေရှည်စိုက်ပျိုးသင့်သည့်လုပ်ငန်းဖြစ်ကြောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူ ဒေါ်သန်းသန်းအေး၏ ပြောပြချက်အရသိရပါသည်။

DOCA(ပဲခူး)