တောင်ငူမြို့နယ်တွင် ဆောင်းသီးနှံမတ်ပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားကြီးများသည် စိုက်ပျိုးမြေများကောင်းမွန်မှုကြောင့် နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ စသည့်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။

         ယခုနှစ် စက်တင်ဘာလတွင် ရာဂီမုန်တိုင်းကြောင့် တောင်ငူမြို့နယ်၊ စစ်တောင်းမြစ်ဘေးရှိ ကျေးရွာတချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား၍ စပါးခင်းများပျက်စီးမှုရှိသော်လည်း သီးနှံမှ ဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေးအတွက် မတ်ပဲကို အားထားစိုက်ပျိုးကြပါသည်။

     မတ်ပဲစိုက်ပျိုးသည့်ကျေးရွာများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စနစ်တကျစိုက်ပျိုးရေးနှင့် ပိုးသတ်ဆေးနှင့် သွင်းအားစုများ စနစ်တကျနှင့် အချိုးကျမှန်ကန်စွာသုံးစွဲနိုင်ရေးများကို ကျေးရွာများတွင် သင်တန်းပေးခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကွင်းတာဝန်ခံများက ကြီးကြပ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

       မတ်ပဲစိုက်ပျိုးရိတ်သိမ်းပြီး နွေစပါးများပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် အထွက်နှုန်းကောင်း၊ သက်တမ်းတို မတ်ပဲမျိုးများကို စိုက်ပျိုးလာကြပါသည်။ မြန်မာနိုင်ငံဆီထွက်သီးနှံနှင့် ပဲမျိုးစုံအသင်းမှ ရာဂီမုန်တိုင်းကြောင့်ပျက်စီးသွားသည့် တောင်သူများအတွက် မတ်ပဲဧက ၁၀၀၊ ပဲတီစိမ်းဧက ၃၀၀ တို့အတွက် မျိုးစေ့များ အခမဲ့လှူဒါန်းထောက်ပံ့ပေးထားပါသည်။

          အထွက်ကောင်း TBL 9 မတ်ပဲ ၉၈၅၀ဧက၊ ရေဆင်း ၅ မတ်ပဲ ၅၂၅၀ဧက၊ ရေဆင်း ၇ မတ်ပဲ ၅၆၉၁ဧက၊ စုစုပေါင်း ၂၀၇၉၁ဧကစိုက်ပျိုးထားပါသည်။ မတ်ပဲသက်တမ်း ၇၅ရက်မှ ၉၀ရက်သာရှိသဖြင့် နွေစပါးများကိုလည်း အချိန်မီစိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။

         တောင်ငူမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် ဆောင်းသီးနှံကိုပြန်လည်စိုက်ပျိုးနိုင်ရန် ကျေးရွာအုပ်စု (၁၃)ခု၊ ဧကပေါင်း (၁၄၀၀၆)ဧကအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း ချေးငွေထုတ်ချေးထားပြီးဖြစ်ရာ မတ်ပဲအတွက် လိုအပ်သည့်သွင်းအားစုများ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပွင့်အားဆေးများကို ဝယ်ယူစုဆောင်းထားရှိကြပြီးဖြစ်ပါသည်။

         ယခင်နှစ် အထွက်နှုန်းမှာ ၁၉.၇၈ တင်းဖြစ်ပါသည်။ မတ်ပဲစိုက်ဧကများအားလုံး အပင်ပေါက်ကောင်းမွန်လျက်ရှိပါသည်။ ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိပါက တောင်သူဦးကြီးများ ဝင်ငွေတိုးတော့မည်ဖြစ်ပါသည်။

          ယခင်နှစ် မတ်ပဲဈေးနှုန်းမှာ ပိဿာ(၃၀)ပါ အိတ်တစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်ဖြစ်ပြီး ယခုနှစ်ပေါက်ဈေးမှာ ၁၇၅၀၀၀ကျပ်ဖြစ်ပါသည်။ တောင်သူလယ်သမားတစ်ဦးချင်း မတ်ပဲပေါ်ချိန်တွင် ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိ၍ ဈေးကောင်းရောင်းရပါက ဝင်ငွေတိုးကာ တိုင်းပြည်၏ GDP တိုးတက်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)