
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စပါး၊ပဲ၊ပြောင်းနှင့် ဆီထွက်သီးနှံများ အဓိကထားစိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံများအနက် မိုးမြေပဲသီးနှံကို ပန်းတောကြီး ကျေးရွာအုပ်စု၊ မြို့ကုန်းကျေးရွာရှိ တောင်သူများသည် မိုးမြေပဲကို တစ်နိုင်တစ်ပိုင် ထည့်သွင်း စိုက်ပျိုးလေ့ရှိကြပါသည်။ တောင်သူတစ်ဦးလျှင် ( ၅ ဧက)နှုန်းဖြင့် အနည်ဆုံး (၁၀)ဦးခန့် စိုက်ပျိုးကြောင်း သိရှိရပါသည်။ ဒေသတွင်းထွက်ရှိသော မြေပဲများကို စားသောက်ကုန်လုပ်ငန်း၊ ရိုးရာမုန့်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပြီး၊ မြေပဲကို ကြိတ်ခွဲ၍ မြေပဲဆီအဖြစ်လည်း ထုတ်လုပ် ရောင်းချလျက်ရှိရာ ဒေသအတွင်း မြေပဲများ ပုံမှန်အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။
ယခုအခါ ဒေသတွင်း မိုးမြေပဲများထွက်ရှိပြီဖြစ်ရာ တစ်ဧကလျှင် အထွက်နှုန်းအနေဖြင့် (၄၉ တင်းမှ ၅၀ တင်း)ကြားထွက်ရှိပြီး၊ မြေပဲအရည်အသွေးအပေါ် မူတည်၍ မြေပဲတောင့်တစ်တင်းလျှင် (၃၀၀၀၀/- ကျပ်)၊ မြေပဲဆံ ၁၄ ပိဿာဝင် တစ်တင်းလျှင် (၉၈၀၀၀/- ကျပ်)၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၅၅၀၀/- ကျပ်)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မိုးမြေပဲစိုက်ပျိုးရာတွင် ကုန်ကျစရိတ် သက်သာပြီး အကျိုးအမြတ်များ ရရှိသည့်အပြင် ပြည်တွင်းစားသုံးဆီ ဖူလုံရုံသာမက မြေပဲပင်မှ ထွက်ရှိသော မြေပဲရိုးနှင့် မြေပဲမှော်များကိုလည်း ကျွဲ၊ နွား အစာအဖြစ် အသုံးပြုရသောကြောင့် မြေပဲစိုက်တောင်သူများ တွက်ချေကိုက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)