ဒန့်သလွန်သီးကို မြန်မာလူမျိုးများက နှစ်သက်စွာချက်ပြုတ်စားသောက်လေ့ ရှိကြပါသည်။ ဒန့်သလွန်သီးကို ချဉ်ရည်ဟင်းချက်ပြုတ်လေ့ရှိပြီး ဒန့်သလွန်သီး အသီးနုများကို ဟင်းချက်စားကြပြီး ရင့်သောအသီးမှ အစေ့များကို မြေပဲကဲ့သို့ စားကြပါသည်။ ဒန့်သလွန်သီးသည် ရှည်လျား၍ အစိမ်းရင့်ရောင်ရှိပြီး အမြောင်းပါဝင်၍ အသီးအတွင်းတွင် အစေ့များ တန်းစီလျက် (၅-၇) စေ့ခန့် ပါဝင်ကာ အတွင်းသားထူသည်။
ဒန့်သလွန်ပင်များသည် ၁၀ မီတာခန့် မြင့်ပြီး ကိုင်းများက ကျွတ်ဆတ်ပါသည်။ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လများတွင် ဒန့်သလွန်ကိုင်းကို ကိုင်းအရှည် ၁ မီတာမှ ၂ မီတာ အတွင်း ဖြတ်ပြီး အပင်အသစ်အဖြစ် ပြန်လည်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး ၆ လ မှ ၈ လ အကြာမှာတော့ အသီးစတင်သီးပြီး ခူးယူရောင်းချလျက်ရှိပါသည်။ ပုသိမ်မြို့တွင်း၌ ရောင်းချသည့် ဈေးနှုန်းများအနေဖြင့် တစ်တောင့်လျှင် (၃၀၀) နှုန်း၊ တစ်စီး (၁၀) တောင့်လျှင် (၂၅၀၀) နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)