မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်သည် စိုက်ပျိုးရေးကိုအခြေခံ၍ စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ငရုတ်၊ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးသည့်ဒေသဖြစ်ပါသည်။ ၎င်းသီးနှံများအနက် ကုလားပဲ(ဆောင်း)ကို ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၁၇၃) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ကုလားပဲ(ဆောင်း)ကို ယာမြေများ၌ အောက်တိုဘာလနောက်ဆုံးပတ်တွင် မိုးရေအစိုဓါတ်တွင် စိုက်ပျိုးကြသလို အချို့တောင်သူများမှာ မိုးရေအစိုဓါတ်အပြင် ရေစက်များဖြင့် ရေတင်၍လည်းစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ တောင်သူများသည် ကုလားပဲမျိုးကို မိမိအိမ်တွင် သေချာစွာသိမ်းဆည်းထားပြီးမျိုးအဖြစ် အသုံးပြုသလို အချို့တောင်သူများသည် ပွဲရုံများမှ ဝယ်ယူ၍စိုက်ပျိုးကြကြောင်း၊ တစ်ဧကကုန်ကျ စရိတ်အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ် ကုလားပဲ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၉-၁၀)တင်းခန့် ထွက်ရှိကြောင်း တစ်ဧက အကျိုးအမြတ် အနေဖြင့်(၅၀၀၀၀၀/-) ကျပ်မြတ်ခဲ့ကြောင်း၊ ယခုအချိန်တွင် ကုလားပဲပင်များအောင်မြင်ဖြစ် ထွန်းပြီးကုလားပဲရွက်များခူး ၍ဈေးထဲတွင်ရောင်းချလျက်ရှိကြောင်း၊ ကုလားပဲရွက်(၁)ပိဿာ လျှင်ဖောက်သည်ဈေးအနေဖြင့် (၅၀၀၀)ကျပ်ရှိပြီးလက်လီစျေးအနေဖြင့် ကုလားပဲရွက်(၁၀) ကျပ်သားလျှင် (၆၀၀)ကျပ် နှင့် ရောင်းချလျက်ရှိပါသည်။ ကုလားပဲကိုကြိတ်ခွဲလျှင် ကုလားပဲဆံကို ရရှိပြီး ကုလားပဲဆံကို အလှူပွဲများတွင် မပါမဖြစ် ပဲနှပ်အဖြစ်ချက်ပြုတ်ကျွေးမွေးကြကြောင်း၊ ကုလားပဲဆံဖြင့်မုန့်အမျိုးမျိုးပြုလုပ်၍လည်းရောင်းချလျှက်ရှိကြောင်း၊ ယခင်နှစ် စိုက်ပျိုးချိန်တွင် ကုလားပဲမျိုးဈေးနှုန်းမှာ ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင် (၇၈၀၀၀/-)ကျပ်၊ ကုလားပဲ (V2) တစ်တင်းလျှင် (၈၆၀၀၀/-) ကျပ်ဈေးနှုန်းများရှိခဲ့ပြီး ယခုနှစ်စိုက်ပျိုးချိန်တွင် ကုလားပဲမျိုး ဈေးနှုန်း မှာ ကုလားပဲ(ရိုးရိုး)တစ်တင်းလျှင် (၉၂၀၀၀/-) ကျပ်၊ကုလားပဲ (V2) တစ်တင်း လျှင် (၁၀၁၀၀၀/-) ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း၊ယခုနှစ်ကုလားပဲပေါ်ချိန်တွင်အထွက်နှုန်း နှင့်ဈေးနှုန်းကောင်းမွန်ပါကအကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဖြစ်ကြောင်းကုလားပဲစိုက် တောင်သူ တစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။
DOCA(မန္တလေး)