စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မုံရွာခရိုင်၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ လာရောက်၍ မီးဘေးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဌာနမှ ဝန်ထမ်းအင်အား (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲတွင် မုံရွာခရိုင်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်သူဆွေက မီးဘေးအန္တရာယ်၏ သဘောသဘာဝအကြောင်း၊ အခြေခံ မီးငြိမ်းသတ်နည်းများအကြောင်း၊ မီးသတ်ဆေးဘူးများကို မှန်ကန်စွာ အသုံးပြုနည်းများအကြောင်း၊ အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ မီးသတ်ဝန်ထမ်းများက မီးငြိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းများကို သင်ကြားပြသခဲ့ပြီး စားသုံးသူရေးရာဝန်ထမ်းများမှ မီးငြိမ်းသတ်ခြင်းများအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိ ဦးမြတ်သူဆွေက အသေးစိတ် ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဇင်မာနွယ်က မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများအား ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် (Online Sale) မှတ်ပုံတင်ရောင်းချခြင်း လုပ်ငန်းများအကြောင်း အသိပညာပေးဆွေနွေးခဲ့ပြီး အခမ်းအနားကို နေ့လယ်(၁၂:၀၀)နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)