မိတ္ထီလာကြက်သွန်နီဈေးကွက်

Powered by Drupal

            မိတ္ထီလာဈေးကွက်တွင် ဒီဇင်ဘာလဆန်းပိုင်း၌ ကြက်သွန်နီအဟောင်း (ဆောင်းကြက်သွန်နီ) ဈေးအနည်းငယ်ပြန်လည်မြင့်တက်လာကြောင်းသိရသည်။ ပြည်ပဝယ်လက်များအေးနေခြင်း၊ မိုးကြက်သွန်နီအသစ်ပေါ်လာခြင်းတို့ကြောင့် ဈေးအနည်းငယ်နိမ့်ခဲ့ပါသည်။ ယခုတစ်ပတ်တွင် ပြည်ပဝယ်လက်များကအဟောင်းကိုသာ ဝယ်ယူမှုရှိသည့်အတွက် ဈေးနှုန်းပြန်လည်မြင့်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။ ကြက်သွန်နီအဟောင်းမှာ ယခင်နှစ် ဆောင်းစိုက်ကြက်သွန်နီများဖြစ်ပြီး အထားခဲ့သည့်အတွက် နှစ်ပေါက်သိုလှောင်လေ့ရှိပါသည်၊၊

              မိုးကြက်သွန်နီအသစ်မှာ ဩဂုတ်၊ စက်တင်ဘာလများတွင်စိုက်ခဲ့ပြီး နိုဝင်ဘာလမှစ၍ နုတ်သိမ်းခဲ့ရာ လက်ရှိအချိန်တွင် ဈေးကွက်သို့အဝင်များနေပါသည်။ မိုးကြက်သွန်နီကို မိတ္ထီလာခရိုင်အတွင်း မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့တွင်သာစိုက်ပျိုးပြီး ထွက်ရှိမှုမှာလည်း ဆောင်းကြက်သွန်နီလောက် မထွက်ရှိသည့်အတွက် ဈေးကွက်အတွင်းဝင်ရောက်မှု၌ လာမည့်ဆောင်းကြက်သွန်နီမပေါ်မီကာလအတွင်း သုံးစွဲရန်ခန့်သာရှိကြောင်းသိရသည်။ ယခင်နှစ် ဆောင်းကြက်သွန်နီအဟောင်းမှာ မိုးကြက်သွန်နီမပေါ်မီ နိုဝင်ဘာလဆန်းက တစ်ပိဿာလက္ကားဈေး (၄၀၀၀) ကျပ် ထိမြင့်တက်ခဲ့ရာက နိုဝင်ဘာလကုန်ပိုင်းမှ တစ်ပိဿာ (၂၅၀၀) အထိ ဈေးနှုန်းကျဆင်းခဲ့ပါသည်။ လက်ရှိအချိန်တွင် မိုးကြက်သွန်နီအသစ်မှာ လက္ကားဈေး တစ်ပိဿာ (၂၀၀၀-၂၅၀၀) ကျပ်နှင့် အဟောင်းတစ်ပိဿာ (၂၇၀၀)ကျပ်၊ အဟောင်းအနေဖြင့် ယခင်တစ်ပိဿာကထက် တစ်ပိဿာ (၂၀၀) ကျပ် ပြန်မြင့်လာတယ်လို့ ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)