“မိုးမြေပဲများထွက်ပေါ်ပြီးဆောင်းမြေပဲများစတင်ထွက်ပေါ်”

Powered by Drupal

               မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာသီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ဆောင်းမြေပဲသီးနှံကို အောက်တိုဘာလကုန်တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် စတင်ထွက်ရှိမည်ဖြစ်ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်းမြေပဲစိုက်ဧက (၅၃၉)ဧက စိုက်ပျိုးထားရှိပြီး စဉ့်ကိုင်မြို့နယ်တွင်(၂၉)ဧက  မြစ်သားမြို့နယ်တွင်(၅၁၀)ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်  မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ဆောင်းမြေပဲကို ထယ်ကြောင်းပေးစနစ်ဖြင့်စိုက်ပျိုးလျက်ရှိကြောင်း၊ ဆောင်းမြေပဲစိုက်ပျိုးရန် မျိုး(ဆံ) စိုက်ပျိုးပါက (၂၄)ပြီ စိုက်ပျိုးရကြောင်း၊ မြေပဲအတောင့်အားအခွံချွတ်၍ စိုက်ပျိုးပါက မြေပဲ(၄) တင်းစိုက်ပျိုးရပါသည်။ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၅၆၀၀၀၀)ကျပ်ခန့်ကုန်ကြကြောင်း၊ အများဆုံးစိုက်ပျိုးသောမြို့နယ်မှာ မြစ်သားမြို့နယ်ဖြစ်ပြီး အများဆုံးစိုက်ပျိုးသောရွာများမှာ ရိုးကန်၊ ညောင်ဝန်း၊ မင်းဝန်ရွာနှင့်ပျော်ရွာ ကျေးရွာများတွင်အများဆုံးစိုက်ပျိုးကြပါသည်။ ဆောင်းမြေပဲ ထွက်ပေါ်ချိန်တွင် အထွက်နှုန်း တင်း(၃၀-၄၀) ထွက်ရှိကြောင်း၊ ယခုလက်ရှိ မြေပဲပေါက်ဈေးမှာ မြေပဲတောင့်တစ်တင်းလျှင် (၄၅၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၈၀၀၀) ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ တောင်သူများမှမြေပဲပေါ်ချိန်တွင် ပွဲရုံသို့တိုက်ရိုက်ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ မြေပဲသီးနှံကို မိုးရာသီနှင့်ဆောင်းရာသီတွင်သာ စိုက်ပျိုးလျက်ရှိကြောင်း၊ မြေပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)