ပဲခူးခရိုင်၊    ကဝမြို့နယ်အတွင်း တနိုင်တပိုင်စိုက်ပျိုးသည့် ဆီနေကြာများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိ

Powered by Drupal

                 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိဒေသခံတောင်သူများသည် ဆောင်းသီးနှံအဖြစ် ပဲအမျိုးမျိုးနှင့်နေ့စဉ် ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြပြီး ယင်းသီးနှံများ ရိတ်သိမ်းပြီးနောက် ဆီစားသုံးမှုဖူလုံစေရန် သီးထပ်စနစ်ဖြင့် တနိုင်တပိုင်ဆီ နေကြာများကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

                 သီးထပ်စနစ်ဖြင့် စိုက်ပျိုးကြရာတွင် မြေ၏ ပကတိ အစိုဓာတ်အတိုင်း စိုက်ပျိုးလေ့ရှိကြပြီး  မြေအစိုဓာတ်လျော့နည်းခြင်းမရှိစေရန် အတန်းလိုက် အစေ့ချ စိုက်ပျိုး မည်ဆိုပါက အပင်ခြား ခြောက်လက်မမှကိုးလက်မခန့်၊ အတန်းခြား နှစ်ပေခန့်ခြား၍ မြောင်းပေးစိုက်ပျိုးကြောင်း၊ ပတ်ကြဲ၍ စိုက်ပျိုးမည်ဆိုပါက ထယ်ရေးတစ်စပ် ထိုးကာ မျိုးစေ့ပတ်ကျဲပြီး ထွန်ရေးဖြင့် မျိုးစေ့အား ပြန်လည်ဖုံးဖိပေးရကြောင်း သို့မှသာ မျိုးစေ့အပေါက်စုံနိုင်မည်ဖြစ်ကြောင်း သိရသည်။

                အဆိုပါ နေကြာစိုက်ပျိုးသည့်သက်တမ်းမှာ  သုံးလခွဲခန့် ရှိကြောင်းနှင့် ၎င်းမျိုးစေ့များကို  နီးစပ်ရာစိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြပြီး တစ်ဧကလျှင် ၃ကီလိုပါ ရှိသည့် မျိုးစေ့ထုပ်၃ထုပ်စိုက်ပျိုးကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ တင်း၂၀မှ၂၅ တင်းအထိ ထွက်ရှိကြောင်း ၊ လာမည့်နှစ်အတွက် မျိုးစေ့များအားလည်း ပြန်လည်ရယူထားနိုင်ကြောင်း နေကြာတနိုင်တပိုင် စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)