၂၀၂၅ ခုနှစ်၌ ဆန်တန်ချိန် ၇.၅ သန်း တင်ပို့ရန် ထိုင်းအစိုးရမျှော်မှန်း

Powered by Drupal

    ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ယခုနှစ်အတွက် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသော ဆန် မက်ထရစ်တန်ချိန် ၁၀ သန်း၏အောက်သို့ လျှော့ချလျက် ၂၀၂၅ ခုနှစ်တွင် ဆန်မက်ထရစ်တန်ချိန် ၇.၅ သန်းခန့်သာ တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

   ယခုနှစ် ပထမ ၁၁ လအတွင်း ဆန်တင်ပို့မှုမှာ မက်ထရစ်တန်ချိန် ၉.၂၇ သန်းအထိ ရောက် ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပြည်ပ ကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Arada Fuangtong က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ ၏ ယခုနှစ်ကုန်အထိ ဆန်တင်ပို့မှုသည် တန်ဖိုးအားဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၆ ဘီလီယံဖြင့် ဆန်မက်ထရစ်တန်ချိန် ၁၀ သန်းအထိ ရောက်ရှိနိုင်ဖွယ်ရှိသည်။

     ခရစ္စမတ်၊ နှစ်သစ်ကူးနှင့် တရုတ်နှစ်သစ်ကူးကာလအထိ နှစ်ကုန်စားသုံးမှုလိုအပ်ချက်များ ပြည့်မီအောင် ဖြည့်ဆည်းရန်အတွက် ဆန်တင်သွင်းသူများထံမှ စဉ်ဆက်မပြတ် ၀ယ်လိုအား ဖြစ်ပေါ်နေခြင်းက ထိုကဲ့သို့ ဆန်ပို့ကုန်တိုးတက်မှုရရှိရန် ဦးတည်စေလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် ကမ္ဘာ့ဈေးကွက်ဝယ်လိုအားကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ပြီး နိုင်ငံ၏ခိုင်မာသော ပို့ကုန်စွမ်းအားသည် ဆန်တင်သွင်းသူများထံသို့ ပုံမှန်ဖြန့်ဖြူးပေးပို့နိုင်ရေး သေချာမှုရှိစေကြောင်း သိရှိရသည်။

      ယခုနှစ်ကို ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုအတွက် ရွှေရောင်လွှမ်းသည့်နှစ် တစ်နှစ်အဖြစ် မှတ်ယူ နိုင်ပြီး ပို့ကုန်ပမာဏ မက်ထရစ်တန်ချိန် ၁၀ သန်းအထိ ရောက်ရှိနိုင်ကြောင်း Mrs Arada က ပြောကြားခဲ့သည်။

    ပို့ကုန်ပမာဏ တိုးမြင့်လာမှုအပြင် ယခုနှစ် ပထမ ၁၀ လအတွက် ထိုင်းဆန်၏ ပျမ်းမျှ သင်္ဘောပေါ်အရောက်ဈေးနှုန်း (FOB price) သည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက မြင့်တက်လာခဲ့သည်။ ပျမ်းမျှအားဖြင့် ထိုင်းဟုန်မာလီဆန်ဈေးသည် ၇.၅၉ ရာခိုင်နှုန်း၊ Pathum Thani ဆန်သည် ၂၄.၆ ရာခိုင်နှုန်း၊ ဆန်ဖြူသည် ၁၁.၇ ရာခိုင်နှုန်း၊ ပေါင်းဆန်သည် ၁၀.၉ ရာခိုင် နှုန်းနှင့် ကောက်ညှင်းဆန်သည် ၀.၆၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။ အဓိကတင်ပို့သည့် ဈေးကွက်များမှာ အင်ဒိုနီးရှား၊ အီရတ်၊ တောင်အာဖရိက၊ အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ် ကြောင်း သိရှိရသည်။

    အိန္ဒိယနိုင်ငံမှ ဆန်ဖြူတင်ပို့မှု ပြန်လည်စတင်ခဲ့မှုအရ ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် လာမည့်နှစ်အတွက် ဆန်တင်ပို့ရန် လျာထားချက်ကို လျှော့ချခဲ့ခြင်းဖြစ်သည်ဟု Mrs Arada က ပြောကြားခဲ့သည်။

     ဆန်တင်ပို့မှုကို ယာယီပိတ်ပင်ခဲ့ပြီးနောက်ပိုင်းတွင် အိန္ဒိယ၏ ဆန်ထုတ်လုပ်နိုင်စွမ်းနှင့် ဆန်သိုလှောင်မှုပမာဏတို့မှာ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် မိုးခေါင်ရေရှားမှု အခြေအနေများ လျော့ပါးမှုနှင့် စိုက်ပျိုးရန် ရေရရှိမှု ပိုမိုကောင်းမွန်လာခြင်းတို့အပေါ် အခြေခံ၍ ကမ္ဘာ့ဆန်စပါးထုတ်လုပ်မှုမှာ တိုးမြင့်လာမည်ဟု မျှော်မှန်းရပြီး ကမ္ဘာ့ဆန်ဈေးကွက်၌ ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်ခြေရှိသည်။

    လာမည့်နှစ်တွင် ထိုင်းပြည်ပကုန်သွယ်မှုဦးစီးဌာနသည် အဓိကကုန်သွယ်ဖက်နိုင်ငံများ၌ ဆက်ဆံရေး ခိုင်မာအားကောင်းစေခြင်းနှင့် ဆန်အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် ထိုင်းဆန်တင်ပို့မှုကို မြှင့်တင်သွားရန် စီစဉ်ထားကြောင်း၊ ယခုနှစ်တွင် ဆန်တင်ပို့မှုပမာဏ ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည့် တောင်အာဖရိကနိုင်ငံသို့ အလျင်အမြန် စျေးကွက်ချဲ့ထွင်ရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း၊ အမေရိကန်ဈေးကွက်၌ ထိုင်းစံပယ်ဆန်ကို ပိုမိုနှစ်သက်သော လက်တင်အမေရိကနွယ်ဖွား Hispanic လူမျိုးစုများအကြား ထိုင်းဟုန်မာလီဆန်စျေးကွက် ချဲ့ထွင်ရန် အလေးပေး လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

အင်ဒိုနီးရှား၊ တရုတ်နိုင်ငံတို့နှင့် ဆန်ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို အရှိန်မြှင့် တင်လုပ်ဆောင်နေချိန်တွင် ၎င်း၏ အစိုးရနှစ်ရပ်အကြားညှိနှိုင်း ဆောင်ရွက်ရေး မူဝါဒများအရ ထိုင်းပြည်ပကုန်သွယ်မှုဌာန အနေဖြင့် အခြားအဓိကပစ်မှတ်ထားသည့် ဈေးကွက်များဖြစ်သော ကနေဒါနှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့် ဆက်လက်ညှိနှိုင်း၍ ဆန်ဈေးကွက်မြှင့်တင်မှုကို ဆောင်ရွက် မည် ဖြစ်ကြောင်း သိရှိရသည်။

Source: Bangkok Post, 4 December, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)