“ရေစကြိုဒေသထွက် ပခန်းအိုး”

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းနှင့် ပခုက္ကူခရိုင်ရုံးမှ ဒေါ်ကြည်ကြည်စိုး တို့သည် (၃.၅.၂၀၂၂)ရက်နေ့၊ နေ့လည် (၁:၃၀)နာရီ အချိန်တွင် ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုးထုတ်လုပ်မှုနှင့် ပြည်တွင်းကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ရေစကြို မြို့နယ်၊ပခန်းကြီးကျေးရွာအုပ်စု၊ သက်ရွာကျေးရွာရှိ အိုးထုတ်လုပ်နေသည့် လုပ်ငန်းရှင် ဦးဆင်နှင့် တွေ့ဆုံပြီး အိုးထုတ်လုပ်ရောင်းဝယ်မှုအခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

          အိုးတစ်လုံး စတင်ပြုလုပ်မည်ဆိုလျှင် အိုးပြုလုပ်မည့် မြေစီးမြေရရှိနိုင်ရန်အတွက် အနက် ပေ(၂၀) ခန့်ထိတူးရကြောင်း တူးယူရရှိသည့်မြေစီးများကို မောင်းဆုံဖြင့် (၃) နာရီခန့်ထောင်းရ ကြောင်း၊ ထောင်းရသည့် မြေများအား ဇကာဖြင့်ချကာ အိစက်နေသည့်‌မြေများကိုသာပြုလုပ်၍ ရကြောင်း၊ အိုးပြုလုပ်ရန် မြေစီးနှင့် ကုန်းသဲရော၍နှပ်ထားရကြောင်း၊ သောက်ရေအိုးနှင့် ပန်းအိုး ဆိုလျှင် မြေစီးနှင့် ကုန်းသဲ (၂) ချိုး (၁) ချိုးရောရကြောင်း၊ ထန်းမြူအိုးနှင့် ကျန်အိုးများဆိုလျှင် (၃) ချိုး (၁) ချိုး ရောရကြောင်း ပြောပြချက်အရသိရှိရပါသည်။

          မြေစီးနှင့်ကုန်းသဲ ရောထားသည့်မြေများအား နွားသားရေပေါ်တွင် အစေးပေါက်အောင် (၁၅/ ၂၀)မိနစ်ခန့်နယ်ရကြောင်း၊နယ်ထားသောမြေများအား အိုးလုပ်မည့်နေရာသို့ပို့ပြီး မခြောက်စေရန် ပလတ်စတစ်စဖြင့် အုပ်ထားရကြောင်း၊ စတင်ပြုလုပ်ရာတွင် မြေကျင်းတူး၍ ဝါးလုံးတိုင်စိုက်ပြီး အပေါ်မှ ပျဉ်ပြားတင်ထားသည့် စက်ပေါ်၌ အိုးစတင်ပြုလုပ်ရာတွင် အိုးခေါင်းမှ စတင်ပြုလုပ်ပြီး နှုတ်ခမ်းဖော်ရကြောင်း၊ နောက်မှကိုယ်ထည်များကို အဆင့်ဆင့်ပြုလုပ်ရကြောင်း၊ ပုံကြမ်းပြီးပြီ ဆိုလျှင် အနည်း ငယ်ခြောက်အောင်ထားရကြောင်း၊ ပြီးမှလူပေါ်တင်ခါ ပုံဖော်ရကြောင်း၊ အိုးကောင်း ရစေရန် လက်ခတ်နှင့်နာနာပုတ်ရကြောင်း၊ နောက်မှ မိမိလိုချင်သည့် ပုံစံအပွင့်ဖော်ရကြောင်း၊ ဖင်မကပ်စေရန်အတွက် ဖင်ကိုပြာမှုန့်ကပ်ရကြောင်း၊ အရိပ်ထဲတွင်(၃/၄)နာရီခန့်ထားရကြောင်း၊ ဖင်ခြောက်သွားလျှင် နေပူထဲသို့(၂)ရက်ခန့် ထုတ်လှန်းရကြောင်း၊ ခြောက်သွားသည့်အိုးများကို အရောင်လှစေရန်အတွက် မြေနီမှုန့်ကို ရေဖျော်၍သုတ်ပေးရကြောင်း၊ ပြီးလျှင် အိုးဖုတ်ဖိုထဲသို့ အိုးအလုံးရေ (၁၀၀)ခန့်ကို နွားချီး (၁၀) တောင်း၊ ထန်းသီးစေ့အခြောက်(၄၀)ခုနှင့် ကောက်ရိုး အထုံးအသေး (၅၀၀)တို့ထည့်၍ (၅)ရက်ခန့် မီးဖုတ်ရကြောင်းသိရှိရပါသည်။

          အိုးပြုလုပ်ရသည်မှာ လက်ဝင်ပြီး အဆင့်ဆင့်အချိန်ပေး၍ ပြုလုပ်ရကြောင်း အိုးမကွာ အိမ်မ ကွာပြုလုပ်ရခြင်းနှင့် မိရိုးဖလာလုပ်ငန်းဖြစ်သည့်အတွက် ဆက်လက်လုပ်ဆောင်နေခြင်းဖြစ် ကြောင်း၊ အိုးလုပ်ငန်းကို ပြုလုပ်လာသည်မှာ အဖိုး၊ အဘွား လက်ထက်တည်းကပြုလုပ်ခဲ့သည့် လုပ်ငန်းဖြစ်ပြီး အိုးလုပ်ငန်းလုပ်ကိုင်ခဲ့သည်မှာ နှစ်တစ်ရာကျော်လောက်ရှိပြီဖြစ်ကြောင်းများကိုလည်း လုပ်ငန်းရှင်မှ ပြောပြခဲ့၍ သိရှိရပါသည်။ အိုးပြုလုပ်သည့် ကုန်ကြမ်းပစ္စည်းများအနေဖြင့် နှုန်းမြေထော်လာဂျီ (၁) စီးကျပ် (၁၂၀၀၀/-) ၊ ကုန်းသဲထော်လာဂျီ(၁)စီး ကျပ်(၂၅၀၀၀/-)ပေးရကြောင်း၊ ထော်လာဂျီ(၁)စီးလျှင် ထန်းခေါက် တောင်း(၃၅)တောင်းခန့်ရကြောင်း၊ မြေနီမှုန့်(၁)ပြည်လျှင် ကျပ်(၃၀၀/-) ပေးရကြောင်း၊ မီးဖုတ်ရန် လိုအပ်သည့် နွားချီး(၁) တောင်းကို ကျပ် (၁၀၀၀/-) ပေးရပြီး ထန်းသီးစေ့အခြောက်(၁) တောင်းကို ကျပ်(၂၀၀/-)ပေးရကြောင်းနှင့် ထန်းခေါက်တောင်း(၃)လုံးစာကို သောက်ရေအိုး(၁၅) လုံးခန့်ရ ကြောင်းနှင့် ထန်းမြူအိုးနှင့် အတာအိုးဆိုလျှင် (၅၀) လုံးခန့်ရရှိကြောင်း ပြောပြခဲ့ပါသည်။

         လုပ်အားခအနေဖြင့်ဆိုလျှင် မောင်းထောင်းခမှာ ထန်းခေါက်တောင်း (၃)တောင်းလျှင် ကျပ် (၅၀၀/-) ပေးရကြောင်း၊ အိုးကြီးလုပ်ခ (၆၀၀/-)ကျပ်နှင့် အသေးဆုံးလုပ်ခမှာ (၇၀/-)ကျပ်ပေးရ ကြောင်း၊တနေ့လျှင် တစ်ဦးကို အိုးအလုံး(၂၀)ခန့် ပြီးကြောင်းသိရပြီး သောက်ရေအိုး(၁)လုံး ကို(၁၇၀၀/) ကျပ်၊ ပန်းအိုး(၁)လုံးကို (၁၂၀၀/-)ကျပ်၊ ထန်းမြူအိုး (၁) လုံးကို (၃၀၀/-) ကျပ်၊ အတာ အိုး(၂၅၀/-)ကျပ်၊ ဟင်းချက်အိုး(၇၀၀/၅၀၀)ကျပ်၊ ငရုတ်ဆုံ(၁)လုံးကို(၁၀၀၀/-)ကျပ်နှင့် အင်တုံ (၂၅၀၀/-)ကျပ်တို့ဖြင့် ဖောက်သည်ပေးရကြောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ရေစကြို မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်တို့မှ အများဆုံး လာရောက်ဖောက်သည်ယူကြကြောင်း ပြောပြခဲ့ပါသည်။

          အကျိုးအမြတ်အနေဖြင့် သိပ်မကျန်ကြောင်း ကိုယ်တိုင်လုပ်လျှင် အိုးကြီး (၁)လုံးကို (၃၀၀/-) ကျပ်ခန့်နှင့် အိုးသေး (၁) လုံးကို (၁၀၀/-) ကျပ်ခန့် မြတ်ကြောင်း အိုးမကွာအိမ်မကွာပြုလုပ်ရခြင်း နှင့်မိရိုးဖလာလုပ်ငန်းဖြစ်သည့်အတွက် ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းများကို လုပ်ငန်း ရှင်ဦးဆင်၏ပြောကြားချက်အရ လေ့လာသိရှိရပါသည်။

DOCA(မကွေး)