မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (ပထမပတ်)တွင် ကုန်ချိန်ဝင်ရောက်မှု နည်းလာပြီး တစ်ရက်လျှင် ကြက်သွန်နီ(အဟောင်း) ပိဿာ (၂)သောင်းခန့် ဝင်ရောက်ပြီး တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ (၁)သိန်းခွဲခန့် ကြက်သွန်နီပွဲရုံဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်းစိုက်ပျိုးမှုများသော လိပ်ခြံ၊ ရေပုတ်၊ ချတောက်၊ ရွာသစ်၊ ကံတွင်း၊ အနောက်ကမ်းဖြူကျေးရွာများအပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလ(ပထမပတ်)တွင် နွေကြက်သွန်နီ(အဟောင်း) တောဈေး (ဂျွန်) တစ်ပိဿာလျှင် ကျပ်(၂၉၀၀)၊ အလတ်စ ကျပ်(၂၅၀၀)၊ အသေးစ ကျပ်(၂၂၀၀)၊ ပွဲရုံမှ ပြန်လည်သန့်စင်ပြီး အရွယ်အစားနှင့် အရည်အသွေးလိုက်၍ ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ်(၄၃၀၀-၂၅၀၀)ဈေးအသီးသီးဖြင့် ဒေသအနှံ့အပြား ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ယခင် နိုဝင်ဘာလ (စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ်(၂၀၀)ခန့်ဈေးကျပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အခြားမြို့နယ်များတွင် ကြက်သွန်နီ(အသစ်)များ စတင်တူးဖော်ပြီး ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်ခြင်းနှင့် ပြည်ပဝယ်လိုအားနည်းခြင်းကြောင့် ဈေးအနည်းငယ်ကျဆင်းကြောင်း သိရှိရသည်။
ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များနှင့် မြဝတီ၊ မော်လမြိုင်မြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ နေ့စဉ်တင်ပို့လျက်ရှိပြီး ဒီဇင်ဘာလ(ပထမပတ်)တွင် ကြက်သွန်နီ(အဟာင်း) ကုန်ချိန်ပိဿာ(၁)သိန်းခွဲ၊ တန်ချိန်အားဖြင့်(၂၄၅)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။
DOCA(မကွေး)