![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/306_5.jpg?itok=U8ve1P2d)
ကျောက်ဖရုံသီးထွက်ရှိရာဒေသများဖြစ်ကြသည့် မြစ်သား၊ ပျော်ဘွယ်၊ တပ်ကုန်းနှင့် မုံရွာတို့တွင် ကျောက်ဖရုံသီးများကို အခြားလယ်ယာထွက်ကုန်များကဲ့သို့ စီးပွားဖြစ်စိုက်ပျိုးကြသည်။ ကျောက် ဖရုံသီးကို မိုးနှောင်းကာလတွင် စိုက်ပျိုးကြပြီး ဆောင်းဦးတွင် အသီးများထွက်ရှိသည်။ ထွက်လာသော ကျောက်ဖရုံသီးများကို အထွက်နှုန်းကောင်းမွန်စေရန် အသီးထပ် အသီးညှပ်ကလေးများကို ဆွတ်ခူး ကြသည်။ အချို့ထွက်ရှိရာဒေသများတွင် ထန်းလျက်ဖြင့်ယိုထိုး၍ စားသုံးလေ့ရှိပြီး အချို့မှာ ဟင်းချို ချက်ကြသည်။ ရင့်မှည့်၍ ကြီးသော အလုံးများကို ကျောက်ဖရုံယိုလုပ်ငန်းများမှ အခင်းပြတ် ဝယ်ယူ ကြပြီး အလုံးအရွယ်အစားမရွေး(၂၀၀၀)ကျပ်နှုန်းဖြင့် ကျောက်ဖရုံစိုက်ပျိုးရောင်းချသူများကို တဆင့် ရောင်းချကြသည်။ ကျောက်ဖရုံသီးအချို့ကို မန္တလေး ကိုင်းတန်းဈေးသို့ အသီးအနှံရောင်းချသူများမှ ဝယ်ယူပြီး (၁)လုံးလျှင် အလုံးကြီး ကျပ် (၃၀၀၀-၄၀၀၀)၊ အလတ် ကျပ်(၂၅၀၀-၂၀၀၀)၊ အသေး ကျပ် (၁၅၀၀-၁၀၀၀)အထိ ရောင်းကြပြီး လက်လီရောင်းချသူများမှာ တစ်စိတ်လျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချ ကြသည်။ ယခင်နှစ်ဈေးနှင့် ယခုနှစ်ဈေးမှာ (၁)လုံးလျှင် ကျပ် (၁၀၀၀/၅၀၀)အထိ ကွာခြားကြောင်း သိရသည်။
ထို့အပြင် ယိုလုပ်ငန်းများမှ ကျောက်ဖရုံ ထိပ်စ (၁) ပိဿာလျှင် (၈၀၀၀)ကျပ်၊ အောက်စ (၁) ပိဿာလျှင် (၃၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ကျောက်ဖရုံသီးသည် ကျန်းမာရေးကို အထောက်အကူပြုသော အသီးတစ်မျိုးဖြစ်သည့်အားလျော်စွာ ကျောက်ကပ်ရောဂါဝေဒနာရှင်များအနေဖြင့် ဟင်းချိုချက်ပြုတ်စား၍သော်လည်းကောင်း၊ မိန်းကလေးများအတွက် ထန်းလျက်ဖြင့်ကျိုချက်ကာ ယိုထိုး၍စားကြသည်။ ထို့ပြင် အလှူပွဲများတွင် ကြက်သားနှင့် ကျောက်ဖရုံဖြင့် ချက်ပြုတ်ကျွေးကြကြောင်းသိရှိရပြီး ကျောက်ဖရုံသီးသည် ဆေးဖက်ဝင်အသီးတစ်မျိုးဖြစ်သဖြင့် ဝယ်ယူစားသုံးသင့်ကြောင်း စိုက်ပျိုးထုတ်လုပ်ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(မန္တလေး)