အစိုးရ၏ ဆန်တင်ပို့မှုမူဝါဒသည် လက်တွေ့မကျဟု ထိုင်းဆန်တင်ပို့သူများအသင်း ပြောဆို

Powered by Drupal

     တောင်သူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအား ၎င်းတို့ ကိုယ်တိုင် ဆန်တင်ပို့ရန် ခွင့်ပြုပေးခြင်းအားဖြင့် ဆန်တင်ပို့မှုမြှင့်တင်ရန်ဟူသော အစိုးရ၏ မူဝါဒကို လက်တွေ့မကျဟု ထိုင်းဆန်တင်ပို့သူများအသင်း (TREA) မှ ဝေဖန်ခဲ့သည်။

      စစ်မှန်သော အခွင့်အလမ်းတစ်ရပ်အနေဖြင့် ထိုင်းလူမျိုးများအတွက် လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ခြင်း (2025 Empowering Thais: A Real Possibility) ဟူသော ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကျင်းပသော လွန်ခဲ့သည့် ရက်ပေါင်း ၉၀ အတွင်း အစိုးရ၏အောင်မြင်မှုများကို အလေးပေးဖော်ပြသည့် အခမ်းအနား၌ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra  က အဆိုပါ မူဝါဒကို ကြေညာခဲ့ခြင်းဖြစ်သည်။

    ဝန်ကြီးချုပ် Paetongtarn ၏ မိန့်ခွန်းတွင် အဓိကအချက်အနေဖြင့် ဆန်တင်ပို့မှုအပေါ် လက်ဝါးကြီးအုပ်ချုပ်ကိုင်ခြင်းကို အဆုံးသတ်ရန်နှင့် တောင်သူများနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများအုပ်စု၌ ပါဝင်သော ဆန်ကုန်သည်များအား ကမ္ဘာတစ်ဝှမ်းသို့ လွတ်လပ်စွာ ဆန်တင်ပို့ နိုင်ရေး ခွင့်ပြုပေးရန် အစိုးရဘက်မှ ရည်ရွယ်ကြောင်း သိရှိရသည်။

    အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ တောင်သူများနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ အနေ ဖြင့် ၎င်းတို့ကိုယ်တိုင် ဆန်တင်ပို့လိုပါက လက်ရှိတွင် ကန့်သတ်ချက်များ မရှိကြောင်း TREA မှ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chukiat Opaswong က ထောက်ပြခဲ့သည်။ သို့သော် ပြည်ပသို့ ဆန်တင်ပို့ ရာ၌ ပါမစ်ခွင့်ပြုမိန့်များလိုအပ်ပြီး စာရွက်စာတမ်း ကုန်ကျစရိတ်များစွာကို ကျခံရမည်ဖြစ်သည့် အပြင် ဆန်တင်ပို့သူများအနေဖြင့် ဈေးကွက်ကို ၎င်းတို့ကိုယ်တိုင် ရှာဖွေသွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ အစိုးရ၏ဆန်တင်ပို့မှုမူဝါဒသည် လက်တွေ့မကျကြောင်း၊ တောင်သူများနှင့် အသေးစား နှင့် အလတ်စားလုပ်ငန်းများအနေဖြင့် လုပ်ငန်းဆောင်တာအဝဝနှင့် ကုန်ကျစရိတ်အားလုံးကို ၎င်းတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ဖွယ် မရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

    ဆန်တင်ပို့သူများတွင် အနည်းဆုံး တန်ချိန် ၅၀၀ ဝင်ဆံ့သည့် သိုလှောင်ရုံရှိရမည်ဟူသော စည်းမျဉ်းများကို ပယ်ဖျက်ခြင်းဖြင့် အသေးစား ဆန်တင်ပို့သူများကို တင်ပို့ခွင့်ပြုလျက် အကြီးစား ဆန်တင်ပို့သူများ၏ လက်ဝါးကြီးအုပ်ချုပ်ကိုင်ခြင်းကို အဆုံးသတ်စေမည်ဟု ထိုင်းဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်အပေါ် Mr. Chukiat က တန်ချိန် ၅၀၀ လိုအပ်ချက်အနေဖြင့် သတ်မှတ်ထားခြင်းမှာ ဆန်ရောင်းချမှု ပြတ်တောက်ခြင်းကို ကာကွယ်ရန်မျှအတွက်သာဖြစ်ကြောင်း၊ ကုမ္ပဏီကြီးများ အနေဖြင့် ဆန်တင်ပို့မှုအပေါ် လက်ဝါးကြီးအုပ်၍ ဆောင်ရွက်ခြင်းများရှိမည်မဟုတ်ကြောင်း ရှင်း လင်းပြောကြားခဲ့သည်။

    ဆန်တင်ပို့မှုသည် လွတ်လပ်စွာ ကုန်သွယ်နိုင်ခွင့်ရှိပြီး လုပ်ကိုင်နိုင်စွမ်းရှိသူ မည်သူမဆို တင်ပို့နိုင်ကြောင်း၊ ထိုင်းနိုင်ငံတွင် ဆန်စက်ပိုင်ရှင်နှင့် ဆန်တင်ပို့သူပေါင်း တစ်ထောင်ကျော်ရှိကြောင်း၊ ယှဉ်ပြိုင်လုပ်ကိုင်ရမှုများ ဆက်လက်ရှိနေဦးမည်ဖြစ်ရာ ဆန်တင်ပို့ရန်လိုအပ်သည့် သတ်မှတ်ချက်များ မရှိတော့လျှင်လည်း တစ်စုံတစ်ရာ ပြောင်းလဲသွားလိမ့်မည် မဟုတ်ကြောင်း Chukiat က ပြောဆိုခဲ့သည်။

     ထိုင်းနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဆန်တန်ချိန် ၈.၃၅ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းတိုးလာကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။ အဆိုပါ ၁၀ လ၌ တင်ပို့ခဲ့သည့်ဆန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅.၄၁ ဘီလီယံ (သို့မဟုတ်) ထိုင်းဘတ် ၁၉၁.၀၃ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။

    ဆန်ဖြူသည် စုစုပေါင်းဆန်တင်ပို့မှု၏ ၆၂ ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၅.၁၈ သန်း ရှိပြီး ၎င်းနောက်တွင် ထိုင်းစံပယ်ဆန် တန်ချိန် ၁.၃၇ သန်း၊ ပေါင်းဆန် တန်ချိန် ၁.၀၁ သန်း၊ ဆန်မွှေး တန်ချိန် ၀.၅၄ သန်း၊ ကောက်ညှင်းဆန် တန်ချိန် ၀.၂၃ သန်းနှင့် ဆန်လုံးညို တန်ချိန် ၀.၀၂ သန်း တို့ကို အသီးသီး တင်ပို့ထားပြီးဖြစ်သည်။

Source: The Nation Thailand, 13 December, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)