ကျိုင်းတုံမြို့၏ ဂေါ်ဖီထုပ်စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

             ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသထွက်ဂေါ်ဖီထုပ်ကို ရာသီပေါ်သီးနှံအဖြစ် တောင်ပေါ်ဒေသများဖြစ်သော လွယ်မွေအုပ်စု၊ မိုင်းခွန်အုပ်စုနှင့် မိုင်းဇင်းအုပ်စုတို့တွင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး တပိုင်တနိုင်စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် အခြေအနေများကို (၃.၅.၂၀၂၂)ရက်နေ့တွင် စိုက်ပျိုးသည့် တောင်သူကြီးများထံမှ မေးမြန်းခဲ့ပါသည်။

                   ဂေါ်ဖီထုပ်မျိုးစေ့များကို Super HAYA (ဒေသခေါ်ယိုးဒယားကမ္ဘာလုံး) အမှတ်တံဆိပ်ဖြင့် ၅၀ G (၂)ဗူးလျှင် (၅)သောင်းကျပ်ဖြင့် ဝယ်ယူ၍ (၁)လကြာသည်အထိ ပျိုးထောင်ရပြီး ပျိုးထောင်ချိန်တွင် ဂေါ်ဖီထုပ်စိုက်ပျိုးမည့် မြေနေရာကို မြေပြုပြင်ခြင်း ဆောင်ရွက်ရပါသည်။ မြေပြုပြင်ရာတွင် လုပ်အားခအနေဖြင့် တစ်ဧကလျှင် ကုန်ကျငွေစုစုပေါင်း (၃)သိန်းကျော်ခန့် ပေးချေရပါသည်။ ဂေါ်ဖီထုပ်အပင်၏ အဓိကလိုအပ်သော သွင်းအားစုများမှာ သဘာဝမြေဆွေး (၈၀)အိတ်လျှင် (၁)သိန်းကျော်ခန့်၊ ကြက်ချေး (၄)အိတ်လျှင် (၂)သောင်းကျပ်၊ နွားချေး (၄၀)အိတ်လျှင် (၈)သောင်းကျပ်၊ တီစူပါဓာတ်မြေသြဇာ (၂)အိတ်လျှင် (၂)သိန်းကျော်ခန့်၊ ပိုးသတ်ဆေး (၂)ဗူးလျှင် (၁)သောင်းကျော်ခန့်၊ အပင်အားတိုးဆေး (၂)ဗူးလျှင် (၁)သောင်းကျပ် တို့ဖြစ်ကြပါသည်။

                    ဂေါ်ဖီထုပ်အပင်များ ကြီးထွားရန်အတွက် ရေလုံလောက်စွာရရှိရန် လိုအပ်ကြောင်းနှင့် ပျိုးသက်တမ်း တစ်လကြာပြီးနောက် ပျိုးပင်ပေါက်များကို မြေပြုပြင်ထားသည့်နေရာတွင် ပင်ခြားတန်းခြား (၂)ပေပတ်လည်၌ တစ်ပင်နှုန်းစိုက်ပျိုးပြီး တစ်ဧကလျှင် အပင်စုစုပေါင်း တစ်သောင်းကျော်ခန့် စိုက်ပျိုး၍ အပင်စိုက်ခ တစ်သိန်းနှင့် ပေါင်းရှင်းခ တစ်သိန်းကုန်ကျပါသည်။ အချိန်ကာလ နှစ်လအကြာ၌  ဂေါ်ဖီထုပ် ခူးဆွတ်ချိန်တွင် ရိတ်သိမ်းခ တစ်သိန်းကုန်ကျပါသည်။ ခူးဆွတ်ပြီး ဂေါ်ဖီထုပ်များကို ကျိုင်းတုံမြို့၊ မြို့မဈေး၌သာ လက်ကားဈေး တစ်လုံးလျှင် ကျပ်(၃၀၀) မှ (၅၀၀)ထိရရှိပြီး လက်လီဈေး တစ်လုံးမှာ ကျပ် (၇၀၀) မှ (၁၀၀၀)ထိ ပေးဝယ်ရကြောင်းသိရှိရပါသည်။ ဂေါ်ဖီထုပ်စိုက်ဧက တစ်ဧက ကုန်ကျစရိတ်မှာ (၁၁)သိန်းကျော်ခန့်ဖြစ်ပြီး တစ်ဧကအထွက်နှုန်းမှာ အလုံးအရေအတွက် တစ်သောင်း ခန့်ထွက်ရှိရာ ရောင်းရငွေမှာ အနိမ့်ဆုံးဈေးဖြင့် ကျပ်သိန်း (၃၀)ကျပ်ခန့်ရရှိ၍ တစ်ဧကအကျိုးအမြတ် မှာ (၁၈)သိန်းခန့် ရရှိပါသည်။

                    ဂေါ်ဖီထုပ် စိုက်ပျိုးသည့်တောင်သူကြီးများသည် ဂေါ်ဖီထုပ်စိုက်ပျိုးခြင်းဖြင့် အရင်းအနှီးနည်း၍ အလုပ်မရှုပ်စေပဲ အမြတ်အစွန်များများရရှိသောကြောင့် ဂေါ်ဖီထုပ်များကို ဒေသအတွင်း စားသုံးမှုဖူလုံစေရန် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သင့်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)