ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Bepza စီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၁၂.၂၄ သန်း ရင်းနှီးမြှုပ်နှံမည့်တရုတ်လုပ်ငန်း

Powered by Drupal

           တရုတ်ကုမ္ပဏီဖြစ်သည့် Bangladesh Prothoma Power Supply Ltd သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ Bepza စီးပွားရေးဇုန်တွင် ဘက်ထရီပလိတ်ပြားထုတ်လုပ်သည့်စက်ရုံ တည်ထောင်ရန် အမေရိကန်ဒေါ်လာ ၁၂.၂၄ သန်းရင်းနှီးမြှုပ်နှံမည်ဟုသိရပါသည်။ ထိုကုမ္ပဏီသည် တင်ပို့ရန်အတွက်ဘက်ထရီပလိတ်ပြား တစ်နှစ်ကို ၂၀၈ သန်းထုတ်လုပ် လိမ့်မည် ဟု Bangladesh Export Processing Zones Authority(Bepza)က ထုတ်ပြန်ချက် တွင်ပြောကြားခဲ့ကြောင်းသိရပါသည်။ ထိုစီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆၀၀ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟုသိရပါသည်။ Bangladesh Prothoma Powet Supply Ltd ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Leiming Jia သည် ထိုကိစ္စနှင့်ပတ်သတ်၍ Bepza ရှိ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့ဝင်ဖြစ်သူ Ashraful Kabir နှင့် ဒါကာမြို့တော်ရှိ Bepza Complex တွင် ဒီဇင်ဘာ ၁၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါသည်။ Bepza ၏ အလုပ်အမှုဆောင်ဥက္ကဌဖြစ်သူ ဗိုလ်မှူးချုပ်Abdul Kalam Mohammad Ziaur Rahman က Bepza စီးပွားရေးဇုန်တွင်ရင်းနှီးမြှုပ်နှံမည့် တရုတ်ကုမ္ပဏီ၏ဆုံးဖြတ်ချက်ကိုကြိုဆိုကြောင်း၊ နိုင်ငံ၏စီးပွားရေးကြီးထွားမှုနှင့် စက်မှုထုတ်ကုန်ကွဲပြားမှုမြှင့်တင်ရေးနှင့်ကိုက်ညီသည့် ထိုကဲ့သို့ ကွဲပြားသည့် စက်မှုထုတ်ကုန်အမျိုးအစားကို စီးပွားရေးဇုန်တွင်ထုတ်လုပ်ပေးသည့်အတွက် ကုမ္ပဏီကိုကျေးဇူးတင်ကြောင်းနှင့် လုပ်ငန်းတပ်ဆင်မှုနှင့် လည်ပတ်မှုလွယ်ကူချောမွေ့စေရေး အတွက် အပြည့်အဝပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Jia ကလည်း ဇုန်တွင် စက်ရုံတည်ထောင်ရန်အခွင့်အရေးရရှိခဲ့ခြင်းအတွက် Bepza ကိုကျေးဇူးတင်ကြောင်း၊ လုပ်ငန်း လည်ပတ်မှုများကို ဖြစ်နိုင်ပါကအမြန်ဆုံးစတင်မည်ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်သည် အလား အလာကောင်းများကိုပိုင်ဆိုင်ထားပြီး Bepza နှင့် ရေရှည်မိတ်ဖက်ဖွဲ့သွားလိုကြောင်း ပြောကြား ခဲ့ပါသည်။ ယခုသဘောတူညီချက်နှင့်အတူ Bepza သည် အမေရိကန်ဒေါ်လာ ၈၈၀.၇၄ သန်း တန်ဖိုးရှိသော သဘောတူစာချုပ်များကို ကုမ္ပဏီ ၃၇ နှင့်ချုပ်ဆိုပြီးဖြစ်ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)