ဆီထွက်သီးနှံကဏ္ဍအတွက် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး

Powered by Drupal

           ဆီထွက်သီးနှံ နေကြာသည် အခြားသောသီးနှံများထက် စိုက်ပျိုးစရိတ် အကုန်အကျသက်သာသည့်အပြင် အပျက်အဆီးနည်းခြင်း၊ အထွက်နှုန်းနှင့် တစ်ဧကလျှင် ဆီထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုနိုင်သည့် သီးနှံလည်းဖြစ်သည့်အပြင်  ဈေးကွက်ဝင်သည့် သီးနှံဖြစ်၍ သီးနှံဝင်ငွေတွက်ခြေကိုက်သည့်အတွက် အားထားစိုက်ပျိုးသင့်သော သီးနှံလည်းဖြစ်ပါသည်။

             နေကြာသီးနှံသည် ဆီကြိတ်၍လည်းရသလို အစေ့၊ အဆံစား၍လည်းရသည့်သီးနှံဖြစ်သည်။ နေကြာ တွင် အရိုင်းနှင့်အယဉ်မျိုးဟူ၍ရှိပြီး အရိုင်းပင်သည် နှစ်ရှည်ခံသီးနှံဖြစ်ပြီး အယဉ်မှာ တစ်နှစ်ခံ အပင်ဖြစ် သည်။ တစ်နှစ်ခံနေကြာ အယဉ်မျိုးတွင် ဆီစားနေကြာနှင့် အစေ့စားနေကြာဟု နှစ်မျိုးရှိပါသည်။ နေကြာပန်းပင်သည် ကိုင်းများထွက်လေ့မရှိဘဲ တစ်ပင်ကို ပန်းပွင့်တစ်ပွင့်သာပွင့်လေ့ရှိပါသည်။ ထို့ကြောင့် နေကြာ တစ်ဧက အထွက်နှုန်းသည် နေကြာပန်းပင်နှင့် အောင်မြင်ဖြစ်ထွန်းသည့် ပန်းပွင့်ကအဓိကကျပါသည်။ တစ်ဧကလုံးအတွက် အထွက်နှုန်းကောင်းရန်၊ ပန်းပွင့်ရန်သည် အရေးကြီးပြီး အပင်သန်မာမှသာ ထွက်ရှိလာမည့် နေကြာစေ့များမှာ အောင်မြင်သည့် အစေ့၊ အဆံများ ရရှိနိုင်မှာဖြစ်ပါသည်။ နေကြာသည် မြေဩဇာကို ကြိုက်နှစ်သက်ပြီး ရေဝပ်ခြင်းကို မနှစ်သက်ပါ။ နှုန်းမြေ၊ သဲနှုန်းမြေ၊ နှုန်းမြေဆွေးတို့တွင် ကောင်းစွာဖြစ်ထွန်းပြီး မိုးခေါင်သည့်ဒဏ်ကို ခံနိုင်ရည်ရှိပါသည်။ မိုးများပြီး ရေဝပ်သည့်ဒဏ်ကို မခံနိုင်သည့် အတွက် မိုးများသည့် ဒေသများတွင် မိုးလယ်နှင့် ဆောင်းရာသီများတွင် စိုက်ပျိုးသင့်ပါသည်။ အကောင်းဆုံး စိုက်ပျိုးချိန်မှာ မိုးနှောင်းပိုင်းတွင် စိုက်ပျိုးခြင်းဖြစ်ပါသည်။ နေကြာစိုက်ပျိုးရာတွင် သုံးသွားထယ်နှင့် မြေကို ထိုးပေးပြီး (၁၆သွား)ထွန်နှင့် (၂)စပ်(၃)စပ် မွှေပေးရမှာဖြစ်ပါသည်။ စိုက်ဘောင်များဖော်၍ မျိုးစေ့များကို မြေအနက် (၂)လက်မအထက် ပို၍ မနက်စေဘဲ တစ်ကျင်းလျှင် အစေ့(၄/၅)စေ့ ချပေးရမှာဖြစ်ပါသည်။ အပင်သက်တမ်းတစ်လျှောက် ရေလိုအပ်မှုမရှိစေရန် ရေပေးသွင်းနိုင်ပြီး ရေပေးသွင်ချိန်တွင် ရေမဝပ်စေရန် အလွန်အရေးကြီးပါသည်။ (၄ရက်မှ ၅ရက်)အတွင်း အပင်ပေါက်လေးများ ထွက်လာပြီး အရွက်များထွက်လာလျှင် အကောင်းဆုံးအပင်များကိုချန်၍ ကျန်သေးလှီသော အပင်များကို နှုတ်ပေးရပါမည်။ ရက်(၃၀)မှ (၃၅)ရက်တွင် အဖူးအကင်းလေးများ စတင်ထွက်ရှိလာပြီး ပေါင်းလိုက်ခြင်း၊ ဘောင်တင်ခြင်းများ ပြုလုပ် ပေးရပါမည်။ ပိုးမွှားအန္တရာယ်ကင်းရှင်းစေရန် အစောပိုင်းကာလမှာ ပြုလုပ်နိုင်ပြီး ပိုးသတ်ဆေးဖြန်းခြင်းကို ပန်းပွင့်ပွင့်ချိန်တွင် မပြုလုပ်သင့်ပါ။

           နေကြာကို မထွန်ယက်မှီ တစ်ဧကကို နွားချေး တင်း(၁၀၀/၂၀၀)ခန့်ချ၍ မြေပြုပြင်ချိန် တစ်ဧကလျှင် ယူရီးယား(၁၅ပိဿာ)၊ တီစူပါ(၁၅ပိဿာ)နှင့် ပိုတက်ရှ်(၁၅ပိဿာ)ထည့်ပေးနိုင် အဖူး စတင်ချိန်တွင် (၁)ဧကလျှင် ယူရီးယား (၁၅ပိဿာ)နှင့် ပန်းစတင်ပွင့်ချိန်တွင် (၁)ဧကလျှင် ယူရီးယား (၁၅ပိဿာ)နှုန်းအသုံးပြုနိုင်ပါသည်။ အပင်(၄၀)ရက်ခန့်ရှိလျှင် အဖူးအကင်းလေးများ စတင်ဝင်ရောက်ချိန်ဖြစ်၍ ပေါင်းလိုက်ခြင်း၊ ဘောင်တင်ခြင်းများကို ပြုလုပ်ပေးနိုင်ပါသည်။ နှစ်လသားအရွယ်တွင် ပန်းခိုင်များပွင့်ပြီး ရက်ပေါင်း(၉၀) သို့မဟုတ် (၁၀၀)ကြားတွင် ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။ ရက်(၁၀၀)တွင် ပန်းပွင့်များသည် ညိုဝါရောင်သို့ ပြောင်းလာပြီး အစေ့များ အောင်မြင်လာပြီဖြစ်၍ စတင်ရိတ်သိမ်းနိုင်ပါသည်။ ထိုအခါ ပန်းပွင့်အုံ၏ အောက်(၄လက်မ)ခန့်ခွာပြီး ခုတ်သိမ်းရမှာဖြစ်ပါသည်။ ရိတ်သိမ်းပြီးနေကြာပွင့်များအား တစ်ပွင့်နှင့်တစ်ပွင့်မထပ်စေဘဲ နှစ်ရက်၊ သုံးရက်နေလှန်းပြီး အစေ့များခြွေနိုင်ပါသည်။ အစေ့တွင် အစိုဓာတ်(၅.၆%)ထိရရှိရန် နှစ်ရက်၊ သုံးရက်ခန့်နေလှန်း၍ လေလုံအောင်သိုလှောင်ထားရမည်ဖြစ်ပါသည်။ နေကြာပင်တွင် ကျရောက်တတ်သည့် ရောဂါများမှာ နေကြာပင်ရင်းပုပ်ရောဂါ၊ ပင်မဲရွက်ပျောက်ရောဂါ၊ သံချေးတက်ရောဂါ၊ အပွင့်ပုပ်ရောဂါ၊ မှိုရောဂါများ ကျရောက်တတ်ပြီး ဖူးပွင့်ဝေချိန်မှစ၍ မှိုသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

         မကွေးတိုင်းဒေသကြီးတွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအပြင် ပြည်ပပို့ကုန်တိုးမြှင့်ရေးကို မျှော်မှန်း၍ လာမည့်စိုက်ပျိုးရာသီမှ စတင်၍ အထူးဇုန်များ၊ သီးထပ်/သီးညှပ်ဧရိယာများ ပိုင်းခြားသတ်မှတ်ပြီး မိုးနေကြာဧက(၁သိန်းကျော်)၊ ဆောင်းနေကြာဧက(၃သိန်းခန့်) စုစုပေါင်းနေကြာဧက(၄သိန်းကျော်) တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

DOCA(မကွေး)