ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း စံချိန်တင်လေကြောင်းခရီးသည်များဝင်ရောက်ခဲ့

Powered by Drupal

  ကမ္ဘောဒီးယားနိုင်ငံတကာလေဆိပ် (၃) ခုသည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းခရီးသည် ၅.၆၅ သန်းကို ဝန်ဆောင်မှုပေးခဲ့ကြပြီး ၂၀၂၃ ခုနှစ် ၄.၀၄ သန်းမှ ၃၉.၈ ရာခိုင်နှုန်းတိုးလာခဲ့ ကြောင်း လေကြောင်းပို့ဆောင်ရေးဆိုင်ရာနိုင်ငံခြားဝန်ကြီးရုံး (SSCA) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ လေကြောင်းခရီးဖြင့်ခရီးသည်များ သိသိသာသာတိုးလာကြောင်းနှင့် လေကြောင်းခရီးသည် ၅.၆ သန်းအထိရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင်လေကြောင်းခရီးသည် ၇ သန်းကျော်အထိတိုးလာရန် မျှော်မှန်းထားကြောင်း (SSCA) ဝန်ကြီး Mao Havannall ကပြောကြားခဲ့သည်။ လက်ရှိတွင် လေကြောင်းလိုင်း (၃၀) သည် အာဆီယံ (၈) နိုင်ငံ၊ တရုတ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ကာတာ နှင့် UAE နိုင်ငံများသို့ တိုက်ရိုက်ပျံသန်းဝန်ဆောင်မှုများ ပေးလျက်ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံရှိ လေကြောင်းလိုင်းကဏ္ဍသည် မကြာသေးမီနှစ်များအတွင်း အရှိန်အဟုန်ဖြင့်တိုးတက်လာခဲ့ပြီး နိုင်ငံ၏လေဆိပ်အခြေခံအဆောက်အအုံများကို ခေတ်မီစေရန်အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုများ တိုးမြင့်လာမှုကြောင့် လေကြောင်းခရီးသွားလာမှုများတိုးတက်လာသည်။ ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အခြားအဖွဲ့အစည်းများ၏ ခရီးသွားမြှင့်တင်ရေးနှင့် နိုင်ငံခြားခရီးသွားများ ပိုမို ဝင်ရောက်စေရန်ကြိုးပမ်းခြင်းတို့သည် လေကြောင်းခရီးသည် တိုးတက်မှုကိုမြှင့်တင်ပေးသည့် အကြောင်းအရင်းများဖြစ်ကြောင်း Mao Havannall က ထပ်မံပြောကြားခဲ့သည်။ နိုင်ငံခြား ခရီးသည်စုစုပေါင်း ၃၅.၉ ရာခိုင်နှုန်းခန့်သည် ကမ္ဘောဒီးယားသို့ လေကြောင်းခရီးဖြင့် ဝင်ရောက် ခဲ့ကြပြီးတစ်နှစ်ထက်တစ်နှစ် ၂၈.၆ ရာခိုင်နှုန်းတိုးတက်လာကြောင်း (SSCA) ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

DOCA(ရန်ကုန်)