မြင်းခြံမြို့ အ.ထ.က(၄) တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံ ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)သည် မြင်းခြံမြို့၊အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က.၄)တွင် (၁၁.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်၌ ကျောင်းရှိဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲတွင် ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)မှ စားသုံး သူကာကွယ်ရေးဥပဒေပါ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်နှင့်ဝန်ဆောင်မှု၊ နစ်နာဆုံးရှုံးမှု၊ ကုန်အညွှန်းအမှတ်အသားစသည်တို့၏ အဓိပ္ပာယ်များကိုလည်းကောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိလာလျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ ကျန်းမာရေးသည် တန်ဖိုးမဖြတ်နိုင်သည့် ဆုလာဘ်တစ်ပါးဖြစ်သည့်အတွက် လူတိုင်းကျန်းမာရေး၏ တန်ဖိုးကိုသိရှိနားလည်ပြီး၊ လူတိုင်းသည်ကျန်းမာရေးကောင်းနေရန် အလွန်အရေးကြီးပါကြောင်း၊ ကျန်းမာရေးကောင်းနေမှ အခြားကိုယ်လုပ်ချင်သည့် လုပ်ငန်း ဆောင်တာများကိုလုပ်ဆောင်နိုင်မည်၊ သင်ယူလိုသည့်ပညာများ သင်ယူနိုင်မည်၊ စားသောက် ချင်သည့်အစားအစာများကို စားသောက်နိုင်မည်ဖြစ်ပါကြောင်း၊ ခေတ်ကိုလိုက်၍ လူနေမှုပုံစံများ၊  စားသောက်မှုပုံစံများ ပြောင်းလဲလာသည့်အတွက် ကျန်းမာရေးချို့ယွင်းမှုများ ဖြစ်ပွားမှုများလာပါကြောင်း၊ ကျောင်းသား/ကျောင်းသူများမှာ ငယ်ရွယ်သူများဖြစ်သည့်အတွက် ယခုအရွယ်များမှစ၍ ကျန်းမာရေးအသိပညာများ လိုက်စားမှု၊ ရရှိမှုများ ရှိရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းများတွင် သက်ဆိုင်ရာဌာနများအလိုက် ကျောင်းသား/ကျောင်းသူကလေးသူငယ်များ သိသင့်သိထိုက်သည့်အကြောင်းအရာများ၊ ဗဟုသုတများအား လိုက်လံဟောပြောမှုများ ဆောင်ရွက်နေတာဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ မုန့်မျိုးစုံနှင့်ကုန်ပစ္စည်းများအား ဝယ်ယူစားသောက်သုံးစွဲသည့်အခါ လုံခြုံစိတ်ချရမှုရှိရန် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြထားပြီး၊ သက်ဆိုင်ရာဌာနထောက်ခံချက်ပါ သောကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်သုံးစွဲကြရန်လိုအပ်ပါကြောင်းနှင့် ကျောင်း သား/ကျောင်းသူများမှ ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်အလက်များအား ဆွေးနွေးမေးမြန်းရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍  ကျောင်းမုန့်ဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကျောင်းကျန်းမာရေးအဖွဲ့နှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းရှိဆရာ/ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၁၄)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။    

DOCA(မန္တလေး)