နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဦးတည်ရာ ထိပ်သီးနိုင်ငံအဖြစ် ပြန်လည်ရပ်တည်ရန် ထိုင်းနိုင်ငံ ကြိုးပမ်း

Powered by Drupal

    ထိုင်းနိုင်ငံအနေဖြင့် အရှေ့တောင်အာရှတွင် ဂျပန်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ရာ နိုင်ငံဖြစ်ခဲ့ရာမှ ယခုအခါတွင် ဗီယက်နမ်နိုင်ငံသည်လည်း ရင်းနှီးမြှုပ်နှံ မှုများပြုလုပ်ရန် ကောင်းမွန်သောနိုင်ငံဈေးကွက်တွင် ပါဝင်လာသောကြောင့် ထိုင်းနိုင်ငံ အနေဖြင့် ယှဉ်ပြိုင်မှုများကြုံတွေ့နေရကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ၁၃ ရာခိုင်နှုန်းသာ ပြုလုပ်ခဲ့သော်လည်း ဗီယက်နမ်နိုင်ငံအတွင်းတွင်မှု ရင်းနှီးမြှုပ်နှံမှုတန်ဖိုးပေါင်း ၅၄ ရာခိုင်နှုန်းအထိ တိုးမြှင့် ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

      ဗီယက်နမ်နိုင်ငံ၏ လုပ်သားခနည်းပါးမှု၊ အခြေခံအဆောက်အဦများ တိုးတက်လာမှု၊ သင့်တော်ကောင်းမွန်သော ကုန်သွယ်မှုစာချုပ်များချုပ်ဆိုနိုင်မှု၊ စီးပွားရေးတိုးတက်လာမှု၊ ကျွမ်းကျင်လုပ်သားပေါများမှု၊ နိုင်ငံ၏ AI နည်းပညာတိုးတက်လာမှုနှင့် Semiconductors ကဲ့သို့သော လျှပ်ကူးနည်းပညာပစ္စည်းများထုတ်လုပ်နိုင်မှုတို့သည် ဂျပန်လုပ်ငန်းရှင်များ အား  ဗီယက်နမ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆွဲဆောင်နေသကဲ့သို့ ဖြစ်နေကြောင်း သိရှိရသည်။

   ထိုင်းနိုင်ငံအနေဖြင့် လွန်ခဲ့သောနှစ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၆ ရာခိုင်နှုန်း အထိတိုးတက်လာခဲ့ပြီး ထိုရင်းနှီးမြှုပ်နှံမှုများအနက် ဂျပန်နိုင်ငံအနေဖြင့် ၂၂ ရာခိုင်နှုန်းအထိ မြှုပ်နှံထားကြောင်းနှင့် ဂျပန်နိုင်ငံသည် ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ခဲ့ သောနိုင်ငံဖြစ်ခဲ့ကြောင်း  Thailand Business News များအရ သိရှိရသည်။ သို့သော် ယခုအခါ တွင် ဒေသတွင်းပြိုင်ဆိုင်မှုများပြင်းထန်လာမှုများနှင့် အမေရိကန်နှင့်တရုတ်တို့၏ စီးပွားရေး အားပြိုင်မှုများကြောင့် ဂျပန်လုပ်ငန်းရှင်အချို့အနေဖြင့် တရုတ်၏ China Plus One ဗျူဟာအတွင်းမှ ဖြန့်ခွဲ၍ အခြားနိုင်ငံများတွင်လည်း ရင်းနှီးမြှုပ်နှံများ ပိုမိုဖြန့်ကျက်လုပ်ကိုင်လာကြကြောင်း သိရှိရသည်။ ထိုသို့သော စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုအရွေ့များသည် ထိုင်းနိုင်ငံအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လာစေခဲ့ကြောင်း သိရှိရသည်။

     ထို့ပြင် ထိုင်းနိုင်ငံ၏ လုပ်သားခစရိတ်ကြီးမြင့်မှု၊ လုပ်သားများ အသက်အရွယ်ကြီး မြင့်မှု၊ လုပ်သားများ၏ လုပ်ငန်းခွင်နှင့် သင့်လျော်သော အသိပညာ၊ ကျွမ်းကျင်မှု မရှိမှုတို့သည် လည်း ၎င်းတို့ပြိုင်ဖက် ဗီယက်နမ်နှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်နိုင်ရန် စိန်ခေါ် မှုများ ဖြစ်စေခဲ့သည်။  ဗီယက်နမ်နိုင်ငံအနေနှင့်မှု စီးပွားရေးတိုးတက်မှုအနေဖြင့် ၄-၅ ရာခိုင် နှုန်းအထိတိုးတက်လာခြင်း၊ ပျှမ်းမျှ အသက် ၃၆ နှစ်ဝန်းကျင်ရှိသော ငယ်ရွယ်သည့် လုပ်သား အင်အားများရှိခြင်း၊ နိုင်ငံကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်းဈေးကွက် တိုးတက်လာခြင်းတို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် စိတ်ဝင်စားဖွယ်ကောင်းသော နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေစေခဲ့သည်။

    ထို့ကြောင့် စီးပွားရေးကျွမ်းကျင်သူများက ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဈေးကွက်တွင် ဦးဆောင်နိုင်ငံအဖြစ် ပြန်လည်ရပ်တည်လိုပါက လုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးတို့ကို အဓိက ဦးစားပေးလုပ်ဆောင်ရန် လိုအပ်ကြောင်း ထောက်ပြမှုများ ပြုလုပ်ထားသည်။ လုပ်သားကျွမ်းကျင်မှု ပညာပေး အစီအစဉ်များ လုပ်ဆောင်ခြင်း၊ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ တိုးတက်စေရေးလုပ်ဆောင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီမှုရှိသော အချက်အလက်များရှိရန် လုပ် ဆောင်ခြင်း၊ အထူးသဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် တီထွင်ဆန်းသစ်မှုများ ပိုမို ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ခြင်းများကို ထိုင်းနိုင်ငံအစိုးရအနေဖြင့် ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဦးတည်လုပ်ဆောင်ရန်လိုအပ်လျက်ရှိကြောင်း ကျွမ်းကျင်သူများ၏ သုံးသပ်ချက်များအရ သိရှိရသည်။     

Sources: Thailand Business News

DOCA(မန္တလေး)