ကျိုင်းတုံဈေးကွက်တွင် စိန်တလုံးသရက်သီးများ အရောင်းအဝယ်ဖြစ်

Powered by Drupal

          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ မိတ္ထီလာမြို့နယ်မှ စိန်တလုံးသရက်သီးများ သင်္ကြန်ကာလပြီးနောက်ပိုင်း စတင်ဝင်ရောက်လာခဲ့ပြီး ယခုမေလတွင် အများဆုံးဝင်ရောက်ကာ တစ်ရက်လျှင် ခြင်းပေါင်း (၁၂၀) မှ (၁၅၀)ထိ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ သရက်သီးတစ်ခြင်းလျှင် ပိဿာ (၃၀)ခန့်ရှိပြီး မိတ္ထီလာမြို့မှ ကျိုင်းတုံမြို့သို့ သရက်သီး (၁)ခြင်း သယ်ယူပို့ဆောင်ခ ကျပ် (၁) သောင်းကျော်ခန့်ရှိပါသည်။ သရက်သီး (၁)ခြင်းတွင် အလုံးရေအလိုက် ပျမ်းမျှ (၁၂၀)လုံးမှ (၁၈၀)လုံးခန့် ပါဝင်ပြီး အသီးအရွယ်အစားပေါ်မူတည်၍ ဆိုဒ် (၄)မျိုးခွဲကာ ရောင်းချရကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရသည်။

       စိန်တလုံးသရက်သီးဈေးနှုန်းမှာ အသီးအရွယ်အစားပေါ်မူတည်၍ အကြီး (၆၀၀)ကျပ်၊ အလတ် (၅၀၀)ကျပ်၊ အသေး (၄၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။   ဈေးကွက်အတွင်း ရာသီ အစားအစာဖြစ်သော စိန်တလုံးသရက်သီးများသည် ကျိုင်းတုံမြို့ပေါ်တွင် အရောင်းအဝယ်သွက် လျက်ရှိသည့်အပြင် ကျိုင်းတုံမြို့နယ်အနီးတဝိုက်  ပတ်ဝန်းကျင်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

        ကျိုင်းတုံမြို့၏ မြေလွတ်မြေရိုင်းများပေါ်တွင် ဒေသခံတောင်သူဦးကြီးများအနေဖြင့် သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်းအကြံဉာဏ်များရယူ၍ စိန်တလုံးသရက်သီးများကို နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးပါက နှစ်ရှည်သီးနှံဖြစ်သောကြောင့် တောင်သူဦးကြီးများ နှစ်စဉ်အကျိုးအမြတ် ခံစားရမည်ဖြစ်ကြောင်းနှင့် စားသုံးသူများလည်း ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)