မလေးရှားနိုင်ငံ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ Senator Dato Awang Bemee bin Awang Ali Basah သည် ကမ္ဘောဒီးယား၏ ဆန်စပါးကြိတ်ခွဲရေးကဏ္ဍနှင့် မလေးရှားနိုင်ငံ၊ Sarawak ပြည်နယ်မှ ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော် Phnom Penh သို့ တိုက်ရိုက်ပျံသန်းမှုများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မှုများအတွက်ထောက်ခံကြောင်း ပြောကြားခဲ့သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့ရှိ အထက်လွှတ်တော်တွင်ပြုလုပ်ခဲ့သည့် နေ့လယ်စာစားပွဲတွင် မလေးရှားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ နှင့် မလေးရှားနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး Vith Panhnha တို့ပြောကြားခဲ့ခြင်းဖြစ်သည်။ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်လာစေရန်နှင့် Sarawak နှင့် Sabah ပြည်နယ်ရှိမြို့များနှင့် ကမ္ဘောဒီးယားရှိ ပြည်နယ် သို့မဟုတ်မြို့များအကြား ပိုမိုနီးကပ်သော ဆက်ဆံရေးများတိုးမြှင့်ရန်အတွက် ခွင့်အလမ်းများကို ရှာဖွေရန် အထက်လွှတ်တော်ဥက္ကဋ္ဌ က မလေးရှားရင်းနှီးမြှုပ်နှံသူများကို တိုက်တွန်း ထားကြောင်းပြောကြားခဲ့သည်။ သံအမတ်ကြီး Vith Panhnha က နေ့လယ်စာဖြင့်တည်ခင်း ဧည့်ခံသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေရန်ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
Source : Khmer Times
DOCA(ရန်ကုန်)