![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7.44.jpg?itok=yqq-Dh-E)
ကမ္ဘောဒီးယားနိုင်ငံတော်ဝင်အစိုးရ (RGC) သည် ကမ္ဘောဒီးယား၏ စက်မှုအခြေခံ၊ စီးပွားရေးကွဲပြားမှုကိုမြှင့်တင်ရန်နှင့် နိုင်ငံသားများအတွက်အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန်အတွက် ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ဥက္ကဋ္ဌ Sun Chanthol ကပြောကြားခဲ့သည်။ Sun Chanthol က ၁၈-၁၂-၂၀၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော သုံးနှစ်တာရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ခြင်း အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဩစတြေးလျ ဒုတိယအကြီးအကဲ Ms. Bridget Collier ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘောဒီးယား-ဩစတြေးလျပူးပေါင်းဆောင်ရွက်မှု (CAPRED) ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူစုစုပေါင်း ၄၀ ဦးတက်ရောက်ခဲ့သည်။ CAPRED အစီအစဉ်မှတဆင့် ဩစတြေးလျ နည်းပညာအကူအညီဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအစီအစဉ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကဏ္ဍများကိုဆွေးနွေးဆုံးဖြတ်ရန် အစည်းအဝေးကိုစီစဉ်ခဲ့ခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဗျူဟာသည် ဦးစားပေးကဏ္ဍများကို ဖော်ထုတ်ခြင်း၊ ရင်းနှီးမြှုပ်နှံသူများကို ပံ့ပိုးပေးခြင်း၊ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်နှင့် ပေါ်ပေါက်လာသော ခေတ်ရေစီးကြောင်းများကို အသုံးချရန် တန်ဖိုးသတ်မှတ်ခြင်းတို့ကို ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်သည်။ Sun Chanthol ကကမ္ဘောဒီးယား၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ ပေးခဲ့ခြင်းအတွက် ဩစတြေလျအစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ Ms. Bridget Collier က နှစ်နိုင်ငံအစိုးရအကြား အထူးသဖြင့် CDC နှင့် ယခင်ကပူးပေါင်းဆောင်ရွက်မှုများအပေါ်ကျေနပ်အားရမိကြောင်းနှင့် ၃ နှစ်တာရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဗျူဟာသည် ကမ္ဘောဒီးယားနိုင်ငံအတွက် အရည်အသွေးနှင့် တန်ဖိုးမြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်စေနိုင်မည့် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အတွက် အရေးပါသော မှတ်တမ်းတစ်ခုဖြစ်လာမည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Source : Khmer Times
DOCA(ရန်ကုန်)