ဗီယက်နမ်နိုင်ငံသည်ဆီမီးကွန်ဒတ်တာလုပ်ငန်းတွင် အချက်အချာအဖြစ် လျှင်မြန်စွာ ပေါ်ထွက်လာလျှက်ရှိပြီး ယခုအခါအမေရိကန်ဒေါ်လာ ၁၁.၆ ဘီလီယံတန်ဖိုးရှိသော ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၇၄ ခုကိုရရှိထားကြောင်း စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Nguyen Chi Dung က ပြောကြားခဲ့ပါသည်။ ဆီမီးကွန်ဒတ်တာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်လမ်းညွှန်ကော်မတီ၏ ဒုတိယအကြီးအကဲလည်းဖြစ်သူ Dung က မူဝါဒများ မွမ်းမံခြင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးပရိုဂရမ်များစတင်ခြင်း၊ ဆီမီးကွန်ဒတ်တာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနှင့် ဂေဟစနစ်တို့မှတစ်ဆင့် လုပ်ငန်းနယ်ပယ်အရှိန် အဟုန်မြှင့်တင်ရေးအတွက် နိုင်ငံကအာမခံကြောင်းပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာနသည် Qualcomm၊ Google၊ Meta၊ LAM Research၊ Qorvo နှင့် AIChip ကဲ့သို့သော နည်းပညာ ကုမ္ပဏီကြီးများနှင့် စေ့စပ်ဆွေးနွေးလျှက်ရှိကြောင်းသိရပါသည်။ ဗီယက်နမ်သို့ ၎င်းတို့၏ ထောက်ပံ့မှုကွင်းဆက်ကူးပြောင်းရန်၊ သုတေသနစင်တာများထူထောင်ရန်နှင့် နိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များတိုးချဲ့ရန်အထူးအစီအစဉ်များမှာ လမ်းကြောင်းပေါ်တွင်ရှိနေပြီး ဖြစ်ကြောင်းသိရပါသည်။ အထူးသဖြင့် ဗီယက်နမ်အစိုးရနှင့် အမေရိကန်နည်းပညာလုပ်ငန်း NVIDIA တို့ကြား ဒီဇင်ဘာ ၅ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်သည် အဓိကမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်းသိရပါသည်။ ထိုသဘောတူညီချက် သည် ဗီယက်နမ်တွင်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာနှင့် AI ဒေတာအချက်အချာ ထူထောင်ရန်ရည်ရွယ်ကြောင်းသိရပါသည်။ Dung က ထိုအခွင့်အလမ်းသည် ဗီယက်နမ်အား ကမ္ဘာ့ဆီမီးကွန်ဒတ်တာထောက်ပံ့မှုကွင်းဆက်တွင် အဓိကအချက်အချာဖြစ်လာရန် တွန်းပို့ပေး မည်ဖြစ်ကြောင်းနှင့် များစွာသောဝန်ကြီးဌာနများ၊ စီးပွားရေးလုပ်ငန်းများ၊ သုတေသန တက္ကသိုလ်များနှင့် ပြည်တွင်းနှင့်ပြည်ပမှကျွမ်းကျင်ပညာရှင်များ၏ ပါဝင်မှုလိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် အဓိကဆီမီးကွန်ဒတ်တာ နှင့် AI ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်အရေးပါကြောင်းသိရပါသည်။ Dung က အောင်မြင်မှုရရှိရန်အတွက် ယန္တယားနှင့်မူဝါဒ၊ အခြေခံအဆောက်အအုံနှင့်ကျွမ်းကျင်မှုရှိသော လုပ်သားထု အစရှိသည့်အဓိကထောက်တိုင်သုံးခုလိုအပ်ကြောင်းနှင့် ပင်ကိုပါရမီရှိသူများ အထူးသဖြင့် ကမ္ဘာတစ်ဝှမ်းမှဗီယက်နမ်ကျွမ်းကျင်ပညာရှင်များကို ဆွဲဆောင်နိုင်ခြင်းသည် လုပ်ငန်းနယ်ပယ်ကြီးထွားရေးကိုမောင်းနှင်ရာတွင် မုချလိုအပ်ကြောင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)