ထောပတ်သီးအကြောင်း သိကောင်းစရာ

Powered by Drupal

          ထောပတ်သီးကို ကမ္ဘာတလွှားတွင် နည်းမျိုးစုံ နှင့် စားသုံးကြပါသည်။ ထောပတ်ပင်သည် မက္ကဆီကိုတောင်ပိုင်းတွင် အဓိကပေါက်ရောက်သည့် အပင်မျိုးဖြစ်ကြောင်း သိရပါသည်။ မြန်မာ နိုင်ငံတွင် တောင်ပေါ်ဒေသများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) စသည့်ဒေသများတွင် အများဆုံးစိုက် ပျိုးထွက်ရှိကြောင်း သိရပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံ၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ ဖယ်ခုံ၊ လွိုင်ကော်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို တို့တွင်စိုက်ပျိုးကြပါသည်၊၊ ထောပတ်သီးအများဆုံးစိုက်ပျိုး ထွက်ရှိသော နိုင်ငံများမှာ မက္ကဆီကို၊ ပီရူး၊ အင်ဒိုနီးရှား၊ ကိုလံဘီယာ၊ ကယ်လီဖိုးနီးယား နိုင်ငံတို့ ဖြစ်ပြီး ယင်းနိုင်ငံများ၏ စုစုပေါင်းထွက်ရှိမှုမှာ မက်ထရစ်တန် ၁.၃၈ သန်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ၏ စုစုပေါင်းထောပတ်သီးထွက်ရှိမှု၏ ၂၇% ဖြစ်ကြောင်းသိရှိရပြီး မက္ကဆီကိုနိုင်ငံသည်ကမ္ဘာ့ ထောပတ် သီးစိုက်ပျိုးထွက်ရှိမှုတွင် အကြီးဆုံးနိုင်ငံဖြစ်ကြောင်းသိရသည်။

         ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်များဖြစ်ပြီး စစိုက်ပြီး အချိန် (၃) နှစ်ကြာမှစတင် အသီးသီးပါသည်။ ထောပတ်ပင်များသည် အပင်တစ်ပင်ထဲမှ ဝတ်မှုံကူးခြင်းဖြစ်ပွားပြီး ရံဖန်ရံခါတွင် အသီး၏အရည်အသွေးနှင့်အသီးအထွက်နှုန်းတို့ကို ထိန်းသိမ်းရန်အတွက် ကိုင်းဆက်ကူးခြင်းနည်း ဖြင့်လည်း အပင်မျိုးပွားခြင်းပြုလုပ်ကြသည်။ ထောပတ်ပင်စိုက်ပျိုးရာတွင် ပထမဦးစွာ ပိုးမွှားရောဂါ ကင်းသောအပင်မှ အသီးမှည့်ကိုယူ၍ အစေ့ကိုထုတ်ကာ အပူချိန်(၅၀) ဒီဂရီစင်တီဂရိတ် ရေနွေးနွေး ထဲတွင် နာရီဝက်ခန့်စိမ်ပြီး အအေးခံခြောက်သွေ့စေရသည်။ ထို့နောက် အစေ့၏ထိပ်နှစ်ဖက်ကို အနည်းငယ်ဖြတ်ကာ မြေချစိုက်ပျိုးရသည်။ တစ်လခန့်အကြာ အပင်ပေါက်လာပြီး အပင်(၄) လက်မခန့်အရွယ်တွင် ကိုင်းဆက်ပေးရသည်။ အပင်တစ်ပေခန့်တွင် အရွက်စထွက်သည်။ ပျိုးပင်များကို ပင်ကြား၊ တန်းကြား(၁-၂)ပေ ထားကာ သဲကိုလက်မဝက်ခန့်ဖုံးပေးပြီး အရိပ်ပြုလုပ် ပေးရသည်။ ပင်ကြား၊ တန်းကြားအကွာအဝေးကို ရာသီဥတု၊ မြေနှင့်မျိုး ပေါ်မူတည်၍ (၂၅×၂၅)ပေ သို့မဟုတ် (၃၀×၃၀)ပေ ထားရသည်။ ထောပတ်ပင် မစိုက်ပျိုးမီ တစ်နှစ်အလိုတွင် လေကာပင်များ စိုက်ပျိုးထားရန် လိုအပ်ပါသည်။ တစ်ဧကလျှင် အပင်ရေ(၅၀-၇၀) ခန့်ဝင်ဆန့် ပါသည်။ စိုက်ကျင်းကို တစ်ပေအကျယ်ထားပြီး အမြစ်အရှည်ရှိသ၍ ကျင်းအနက်ရှိရန်လိုအပ်သည်။ စိုက်ပျိုးမည့်မြေကြီးမှာ ရေဝင်ရေထွက်၊ လေဝင်လေထွက် ကောင်းရန်လိုအပ်ပါသည်။  ရေထုတ်ရန် လွယ်ကူပါက မြေစေး၊ သဲ၊ ကျောက်စရစ်မြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ အောက်ခံမြေသည် ကျောက်သားခံနေလျှင်သော်လည်းကောင်း၊ မြေအောက်ရေမျက်နှာပြင် သုံးပေအတွင်း ဖြစ်နေလျှင် သော်လည်းကောင်း နှစ်အနည်းငယ်အတွင်း အပင်ကိုသေစေပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိအသီး ထွက်နေသော ထောပတ်ပင်မျိုးများမှာ အစေ့မှအပင်ပျိုးကာ စိုက်ပျိုးထားသောမျိုးများဖြစ်သည်။  ထောပတ်သီးများမှာ ဒေသမျိုးရင်းများထက် နိုင်ငံခြားမျိုးများမှာ ဝယ်လိုအားကောင်းပြီးဈေး ကောင်းရသောကြောင့် ယခုအခါတွင် နိုင်ငံခြားမျိုး(Hass) များကိုတိုးချဲ့စိုက်ပျိုး လာကြကြောင်း သိရသည်။ ဒေသမျိုးအပင်များကိုအောက်ခံအပင်အဖြစ်ထားရှိပြီး နိုင်ငံခြားမျိုးများကို ကိုင်းကူး ကိုင်းဆက်နည်းဖြင့် စိုက်ပျိုးကြကြောင်းသိရှိရသည်။ အစေ့ပျိုးစိုက်ပျိုးခြင်းနှင့် ကိုင်းကူး ကိုင်းဆက် စိုက်ပျိုးခြင်းတို့တွင် ကိုင်းကူး ကိုင်းဆက်စိုက်ပျိုးနည်းသည်  အပင်ဖြစ်လွယ်ပြီး အသီးအထွက်နှုန်း ပိုကြောင်းသိရှိရသည်။ (Hass) ဆိုသည့် နိုင်ငံခြားမျိုးမှာ ပီရှုးနိုင်ငံတွင် စတင်စိုက်ပျိုးသည့်မျိုးဖြစ်ပြီး အစိမ်းပုတ်ရောင်အခွံရှိ၍ ဒေသမျိုးအပင်များထက်အသီးပိုကြီးကြောင်းသိရသည်။ (Hass)မျိုးမှ ထွက်ရှိသော ထောပတ်သီးများသည် တစ်လုံးလျှင် အလေးချိန်အားဖြင့် (၂၀၀-၃၀၀) ဂရမ်အထိ လေးပြီး အသီးကြီးကြောင်းလဲ သိရပါသည်။

         ထောပတ်သီးများသည် အောက်တိုဘာလတွင် အသီးများစတင်ထွက်ရှိပြီး ဇန်နဝါရီလလယ် တွင် အသီးကုန်ပါသည်။ ထောပတ်သီးများ စတင်သီးသည့်နှစ်တွင် တစ်ဧကလျှင် အလုံး(၂၀၀) ခန့်သီးပြီး၊ ဒုတိယနှစ်တွင် (၇၀၀)ခန့်၊ တတိယနှစ်တွင် အလုံး(၂၀၀၀)အထိသီးကြောင်းလည်း သိရပါသည်။ ဒေသမျိုးရင်းများအနေဖြင့်  ပြည်တွင်းဈေးကွက်တွင် ထောပတ်သီး တစ်ပိဿာ ၆၀၀/၁၀၀၀ အထိဈေးပေါက်ကြောင်းနှင့် ပြည်ပဈေးကွက်သို့တင်ပို့သော ထောပတ်သီးများမှာ တစ်လုံးလျှင် ၆၀၀ ကျပ်မှ ၁၀၀၀ကျပ် အထိဈေးပေါက်ကြောင်း သိရပါသည်။ ဒေသမျိုးရင်းများ ထက်  နိုင်ငံခြားမျိုးများမှာ ဝယ်လိုအားကောင်းပြီးဈေးကောင်းရသောကြောင့်  နိုင်ငံခြားမျိုးများကို သာ ပိုမိုတိုးချဲ့စိုက်ပျိုးကြကြောင်းကိုလည်းသိရသည်။

          မြန်မာနိုင်ငံတွင် ထောပတ်သီးကို နို့ဆီ၊ သကြားများနှင့် ရော၍ စားသုံးကြပါသည်။ ထောပတ် သီးတွင် ကယ်လိုရီ နှင့် အဆီဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး ထောပတ်သီးတွင် ဗီတာမင် A၊ ဗီတာမင် K၊ ဗီတာမင် C၊  ဗီတာမင်  E၊ သတ္ထုဓာတ် နှင့် သံဓာတ်များလည်းပါဝင်ကြောင်း သိရပါ သည်။ ထောပတ်သီးတွင် အမျှင်ဓာတ်များစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်နိုင် ပါသည်။ ထောပတ်သီး တစ်လုံးတွင် အမျှင်ဓာတ် ၂ ဂရမ်ပါဝင်ကြောင်းသိရှိရပြီး အမျှင်ဓာတ်သည် ဗိုက်ပြည့်နေသကဲ့သို့ ခံစားရသောကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူများအတွက် အစားအစာ များအလွန်အကျွံစားလိုခြင်းကို ကာကွယ်ပေးသဖြင့် ထောပတ်သီး စားသုံးသင့်ပါသည်။ ထောပတ် သီးကို ကိုယ်အလေးချိန်များ သူများ၊ အဝလွန်သူများအတွက် နေ့လယ်စာ စားပြီးချိန် ထောပတ်သီး တစ်ဝက် စားပေးခြင်းသည် ၃ နာရီမှ ၅ နာရီအထိ အဆာခံနိုင်ကြောင်း သိရပါသည်။ ထောပတ်သီးသည် ကင်ဆာရောဂါကို ကာကွယ်နိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေး ကြောင်းလည်း သိရပါသည်။ ထောပတ်သီးတွင် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး  ပိုတက်ဆီယမ်ဓာတ်သည် ဆားစားသုံးမှုကြောင့်ဖြစ်တတ်သည့် သွေးတိုးခြင်းကို ထိန်းညှိပေးပါ သည်။  ထို့အပြင် ထောပတ်သီးတွင် မျက်လုံးကြွက်သားများယိုယွင်းပျက်စီးခြင်းနှင့် ရေတိမ်ဖြစ် ခြင်းတို့ကို လျော့ကျစေနိုင်သည့် carotenoid lutein ပါဝင်ခြင်းကြောင့် အမြင်အာရုံကို ကောင်းမွန် စေကြောင်းသိရှိရပါသည်။

          ထောပတ်သီးကို ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင်များ ရှောင်ကြဉ်သင့်ပါသည်။ ထောပတ် သီးသည် မိခင်နို့ရည်အထွက်နှုန်းကို လျော့ကျစေကြောင်း သုတေသနအချို့တွင် ဖော်ပြထားပါသည်။ ထို့အပြင် အစာအိမ်အူလမ်းကြောင်း မကောင်းသူများအတွက်လည်း လေပွလေထ ဖြစ်စေတတ်သ ဖြင့် ထောပတ်သီးကို ရှောင်သင့်ပါသည်။

          ဤကဲ့သို့ ထောပတ်သီးသည် အဟာရဓာတ်များစွာရရှိပြီး ကျန်းမာရေးအတွက်ကောင်းကျိုး များရှိသော်လည်း ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သည့် အခြေအနေများကိုလဲ သတိပြုရှောင်ရှားနိုင် ရန် တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)