
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင် ဦးဆောင်၍ စားသုံး/ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများသည် (၁၉-၁၂-၂၀၂၄) ရက် ၊ နံနက်(၀၉:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ သီရိဈေးတွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ က သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့် ကုန်စည် (၁၀) မျိုးထဲမှ ခေါက်ဆွဲခြောက်အမျိုးမျိုး ဖြစ်သည့် ငါးမှုန့်ချဉ်ငန်စပ်အရသာ WAIWAI မှတ်တံဆိပ်တွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင် စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်က သီရိဈေး တွင် စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရန်အတွက် ကရင်ပြည်နယ်အတွင်း ဦးစားပေးကုန်စည် (၁၀)မျိုးကို သတ်မှတ်ထားပြီး ကုန်စည်အမျိုးအစားအလိုက် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ လစဉ်လျာထားချက်များ ချမှတ်၍ သက်ဆိုင်ရာအဖွဲ့များနှင့် ပေါင်းစပ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
DOCA(ကရင်)