မြန်မာနိုင်ငံအတွင်း တည်ရှိကြသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် အဖိုးတန် သဘာဝ အရင်းအမြစ်များ၊ မြေပေါ် မြေအောက် သယံဇာတများ ပေါကြွယ်ဝလျက်ရှိရာ အညာဒေသ၏ ဒေသထွက် ထန်းလျက် ချက်လုပ်ပုံအကြောင်း တင်ပြလိုပါသည်။ ထန်းပင်ကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သော စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးများတွင် အများဆုံး တွေ့ရှိရပြီး ထန်းလျက်ကို ထန်းဖို၊ ထန်းမ အမျိုးအစား ( ၂ )မျိုးမှ ထုတ်လုပ်ရရှိကြောင်း သိရှိရပါသည်။
ထန်းပင်မှ ထန်းရေ ထွက်အောင်ပြုလုပ်ခြင်း
ထန်းပင်အမျိုးအစား ( ၂ ) မျိုးရှိရာ ထန်းဖိုမှ ထန်းရည်များ ထွက်ရှိအောင်လုပ်ဆောင် ရာတွင် ထန်းဖိုပင်၏ ထန်းနို့ဖူးများ ထွက်ရှိလာအောင် ထန်းလက်များကို နင်းပေးရသည်။ သို့မှသာ အဖူးများ လျင်မြန်စွာ ထွက်ပေါ်လာ၍ ၎င်းအဖူးများကို ဓားထက်ထက်ဖြင့် ၃-၄ ရက်ခန့် ပါးပါးလှီးပေးသောအခါတွင် ပေါ်ဦးပေါ်ဖျား ထန်းဦးရေများ ရရှိကြောင်း သိရှိရသည်။ ထန်းမတွင် ထန်းသီးနုနုများကို ထန်းထုဖြင့် ထု၍ သော်လည်းကောင်း၊ ထန်းနုကျော်ချိန်တွင် ထန်းသီးများကို ထန်းပင်နှင့် တိုက်၍ သော်လည်းကောင်း ပြုလုပ်၍ ထန်းသီးများအား ဓားဖြင့် ပါးပါးလှီး၍ ထည်းရည်များ ထွက်အောင် ပြုလုပ်ရပါသည်။ ထန်းဖိုနှင့် ထန်းမ ထန်းရည်ထွက်သော အချိန် သည် တစ်ပြိုင်နက်တည်း မဟုတ်ဘဲ ထန်းဖိုသည် အရင်ပေါ်၍ ( ၁ )လ ခွဲသာ ကြာကြောင်း၊ ထန်းမသည် ထန်းဖိုထက် နောက်ကျပေါ်သော်လည်း ထန်းသီးနုချိန်နှင့် ထန်းသီးရင့်ချိန်တွင် သီးရင့်တိုက်ခြင်းများ ပြုလုပ်နိုင်ခြင်းကြောင့် ထန်းသက်တမ်း ကြာ၍ ထန်းရည် အထွက် များကြောင်း သိရပါသည်။
သိမ်းဆည်းခြင်း
တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင် လများတွင် ထန်းရည်များ လှိုင်လှိုင် ပေါများစွာ ထွက်ရှိသော အချိန်ဖြစ်ကြောင်း သိရသည်။ ထန်းရည်ကို ထန်းရည်ချိုနှင့် ထန်းရည်ခါး ပုံစံနှစ်မျိုးဖြင့် သောက်သုံးနိုင်ပြီး ထန်းလျက်ကို ချက်လုပ်ရာတွင် ထန်းရည်ချိုဖြင့်သာ ချက်လုပ် နိုင်သည်။ ထန်းပင်မှ ထွက်ရှိသော ထန်းရည် များကို ထန်းဖိုတွင် ပန်ဖူး(ခေါ်) ထန်းဖူး၌ ထန်းမြူ အိုးကို ကြိုးစွပ်၍ လည်းကောင်း၊ ထန်းမတွင် ထန်းနုသီးခိုင်ကို ချည်ပတ်ထား၍ လည်းကောင်း ထန်းမြူအိုး ( ၃ )လုံးမှ ( ၄ )လုံးအထိ ထိန်းသိမ်းရကြောင်း သိရှိရပါသည်။ ထန်ရည်များကို မနက်နှင့် ညနေ တစ်ရက်လျှင် ( ၂ ) ကြိမ် သိမ်းဆည်းရကြောင်း သိရသည်။
ချက်လုပ်ခြင်း
ထန်းပင်မှ ရရှိလာသော ထန်းရည်ချိုများကို အမှိုက်သရိုက်၊ ပျား၊ ပိတုန်းနှင့် ယင်ကောင်များ ကင်းစင်အောင် သင့်တော်သော အရည်စစ် စကာဖြင့် စစ်၍ ထန်းလျက်ချက်ဖိုရှိ ဒယ်အိုးများ အတွင်း လောင်းထည့်ကာ မီးအပူပေး ချက်လုပ်ရပါကြောင်း၊ ထန်းလျက်တစ်ပြန် ချက်လုပ်ရာ တွင် ထန်းမြူအိုး (၆ )လုံးပမာဏရှိသော ထန်းရည်ချိုများအား ဒယ်အိုး (၂) လုံးသို့ အညီအမျှ ထည့်ပြီး ( ၁ )နာရီခန့် ထင်းမီးဖြင့် ချက်လုပ်ရပါကြောင်း၊ ထန်းလျက်ရည် အဖြစ်သို့ ရောက်ရှိ လာသောအခါ မီးအေးအေးဖြင့် ထန်းလျက်မွှေ ယောင်းမနှင့် အဆက်မပြတ် မွှေပေးရပါကြောင်း၊ ထန်းလျက်ရည်များ ပျစ်တွဲလာသော အခါတွင် မီးဖိုပေါ်မှ ချ၍ ယောင်းမဖြင့် ဆက်လက် မွှေပေးရပါကြောင်း၊ ထန်းလျက်အရည်မှ အခဲများအဖြစ်သို့ ပြောင်းလဲလာသော မပူမအေး အချိန်တွင် ဒက် (ခေါ်) ထန်းလျက်ထိုးတံဖြင့် ထန်းလျက်သားများ အပေါ်အောက် အအေးခံခြင်း မျှတအောင် ( ၅) မိနစ်ခန့် ပြုလုပ်ရပြီးနောက် ထန်းလျက်ကို လက်တစ်ဆုပ်စာ မမာဏအား ရေဆွတ်၍ လုံးကာ ဗန်းထဲတွင် အအေးခံရပါကြောင်း၊ ထန်းမတွင် ထန်းသီးနုများမှ ရရှိ၍ ချက်လုပ်သော ထန်းလျက်ခဲ(ခေါ်)လုံးများသည် ဖြူဖွေး၍ လူများ စားသုံးမှု များကြောင်း၊ ထန်းဖိုမှ ချက်လုပ်သော ထန်းလျက်သည် နီညိုရောင် ရှိသဖြင့် ဆေးသမားတော်များက တိုင်းရင်းဆေးများ ဖော်စပ်ထုတ်လုပ်ရာတွင် အသုံးများကြောင်း သိရှိရပါသည်။
ကုန်ချော ထွက်ရှိနိုင်မှု ပမာဏ
ထန်းမြူအိုး ( ၆ ) လုံး တစ်ပြန် ကျိုချက်လျှင် ကုန်ချော ထန်းလျက်ပမာဏ ပျမ်းမျှ ( ၂ ) ပိဿာနှုန်း ထွက်ရှိပြီး ထန်းပင်အရေအတွက်( ၃၀) ပင်တွင် ထန်းရေထွက် များချိန်၌ တစ်ရက်တာ ထုတ်လုပ်နိုင်မှုအနေဖြင့်(၁၂ပြန်မှ ၁၄ပြန်)အထိ ကျိုချက်ရကြောင်း သိရသည်။ ထန်းလျက်ကို အုန်းထန်းလျက်၊ ဇီးထန်းလျက်၊ နို့ထန်းလျက်၊ နှမ်းထန်းလျက်၊ မြေပဲထန်းလျက်၊ သံပုရာ ထန်းလျက်၊ ဂျင်းထန်းလျက် အရသာ အမျိုးမျိုး ပြုလုပ်၍ စားသုံးကြသည်။
ဈေးနှုန်းဈေးကွက်
ထန်းရာသီ ကုန်သော ယခုလက်ရှိအချိန်တွင် ထန်းလျက်ဈေးနှုန်းများအနေဖြင့် ထန်းဖို ထန်းလျက် (၁)ပိဿာ လျှင် (၆၀၀၀ကျပ်မှ ၇၀၀၀)အထိ၊ ထန်းမထန်းလျက် အဖြူသန့်အလုံးသေး (၁ )ပိဿာလျှင် (၈၅၀၀)အထိဈေးနှုန်း ရှိနေသော်လည်း လာမည့် တပေါင်းလတွင် ထန်းရာသီ စတင်မည်ဖြစ်ရာ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်ကြောင်း သိရှိရပါသည်။
အကြုံပြု သုံးသပ်ချက်
ယခုအချိန်တွင် မိရိုးဖလာ ထန်းပင်တက်လုပ်သားများမှာ တောင်ယာအလုပ်တွင် အားစိုက် လုပ်ကိုင်ခြင်း၊ မြို့ပြများတွင် အလုပ်လုပ်ကိုင်နေခြင်းတို့ကြောင့် ထန်းတက်လုပ်သားဦးရေမှာ လျော့ကျလာကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ထန်းတက်လုပ်သားများ၏ ထန်းလျက်ထုတ်လုပ်ရာတွင် ဈေးနှုန်းဈေးကွက်ရရှိရေး၊ ထန်းရွက်၊ ထန်းလျက်မှ စ၍ ထန်းပင်၏ အခြားအစိတ်အပိုင်းများအား တစ်ဆင့်မြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လိုအပ်သော အရင်း အနှီးနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ပြည်တွင်း စားသုံးမှု သာမက ပြည်ပထိ တင်ပို့နိုင်ရန် ဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)