မူရင်းမျိုးစိပ် ထိန်းသိမ်းရန် လိုအပ်သော မြန်မာ့စိန်တလုံးသရက်

Powered by Drupal

သရက်၏ မူရင်းဒေသ အင်ဒို၊မြန်မာကျွန်းဆွယ်မှ ဖြစ်ပါတယ်၊ “ အသီးမှာ သရက် ”ဟု ခေါ်ဆိုလောက်အောင် အသီးများစွာထဲတွင် အရသာအရှိဆုံး အသီးသည် သရက်သီးဖြစ်သည်။ မြန်မာနိုင်ငံတွင် သရက်မျိုးစိပ် (၂၀၀)ကျော်ရှိသည့်အနက် စိန်တလုံးသရက်သည် အချို ဓာတ်ပါဝင် မြှင့်မားပြီး (၂၀-၂၄%) အရောင်အလှဆုံး၊အရသာအရှိဆုံး၊အစေ့နှင့်အသား အချိုးချ ကြည့်ပါက အစေ့အသေးဆုံးအသီး ၊အသားအမျှင်လုံးဝကင်းစင်မှုအရှိဆုံးအသီးဖြစ်ပြီး အနံ့ အကောင်းဆုံးသရက်သီးဖြစ်သည်။

အရှေ့တောင်အာရှရှိ အကောင်းဆုံးသရက်သီးမျိုးစိပ်များထဲတွင် မြန်မာ့စိန်တလုံးသရက် တစ်မျိုးအပါအဝင်ဖြစ်သည်။မြန်မာ့စိန်တလုံးသရက်၏ မူလမျိုးစိပ်ထွက်ရှိရာဒေသမှာ  ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ကျေးရွာအုပ်စုဖြစ်ကြောင်း သိရှိရပါတယ်။ မူလမျိုး စိပ်စိန်တလုံးသရက်၏ ပုံသဏ္ဍာန် မှာ အောက်တွင် ဖော်ပြထားသည့်ပုံအတိုင်း အလုံးဝိုင်းပြီး အရောင်အလွန်စိုကာ ရွှေ‌ရောင် သန်းပါတယ်။ အဓိကအချက်နှစ်ခုအနေဖြင့် အခွံအလွန်းပါးပြီး အသီးချောမွတ်ခြင်း ဖြစ်ပါသည်။ သရက်သီးအား အခြားနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့သည်မှာ ၁၉၈၆ ခုနှစ်ကတည်းကဖြစ်ပြီး တင်ပို့ရောင်းချ ခဲ့သော သရက်သီးမျိုးစိပ်များမှာ စိန်တလုံး၊ ရွှေဟင်္သာ၊ မြကျောက်တို့ဖြစ်ပါသည်။ တရုတ် ပြည်တွင် မြန်မာ့စိန်တလုံးသရက်သည် အလွန်နာမည်ရသော ရောင်းအားကောင်းသော သရက် သီးမျိုးဖြစ်ပါတယ်။

မြန်မာနိုင်ငံဈေးကွက်ထဲတွင် ယခုနောက်ပိုင်း၌ စိန်တလုံးသရက်မျိုး များစွာကွဲပြားစွာ တွေ့ရှိရပါသည်။ မြန်မာစိန်တလုံးသရက်ကို ရေရှည်အောင်မြင်စေရန်အတွက် မူရင်းမျိုးစိပ်ကို ထိန်းသိမ်းဖို့ရန် လိုအပ်ပါတယ်။ မျိုးစိပ်ကို ထိန်းသိမ်းရန်အတွက် စားပြီးသားအစေ့ကို ပြန်စိုက်ခြင်းမှ ရှောင်ကျင်ရန်ဖြစ်ပါတယ်၊ ၎င်းအချက်သည် မူလမျိုးရင်းကို ထိန်းသိမ်းရန်အတွက် အရေးကြီးသော နံပါတ်တစ်အချက်ဖြစ်ပါတယ်။အစေ့ဆိုသည်မှာ ဝတ်မှုံကူးပြီးမှ အမပွင့်၏ ( OVARY)မျိုးအိမ်ထဲတွင် ဖြစ်ပေါ်လာတာဖြစ်သည့်အတွက် အစေ့ဆိုတာနှင့် မျိုးရောပြီးသား ဖြစ်နေပါပြီ၊ ထိုကြောင့် (၁၀၀% )မျိုးရင်းစစ်စစ်ကို ရယူရန်အတွက် ကိုင်းကူးခြင်းနည်း လမ်းဖြင့်သာ ရယူနိုင်မှာဖြစ်ပါတယ်၊

သရက်သီးသည် ဗီတာမင်အေ၊ဘီ၊စီတို့ပါဝင်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်ခြင်း သာမက အိုမင်းရင့်ရော်ခြင်းကိုလည်းကာကွယ်ပေးသော အသီးဖြစ်ပါတယ်၊ မြန်မာစိန်တလုံး သရက်သည် မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်လည်း ဈေးကောင်းရရှိနေသော သရက်သီးဖြစ်သည်နှင့်အညီ အရည်အသွေးကောင်မွန်စေရန်အတွက် မူရင်းမျိုးစိပ်အား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာ ပါတယ်၊ထိုသို့  ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မြန်မာ စိန်တလုံးသည် ဈေးကွက်အတွင်းတွင် ဈေးကောင်းရ၍ ရေရှည်အောင်မြင်မှု ရရှိလာမှာ ဖြစ်သည့်အတွက် မူရင်းမျိုးစိပ်ကို ထိန်းသိမ်းကြရန် လိုအပ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(စစ်ကိုင်း)