
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိသော ပုဂံမြေ၊ ပုဂံဒေသသည် ပြည်တွင်းပြည်ပ ခရီးသွားများ ပျော်ရွှင်ချမ်းမြေ့စွာ လာရောက်လည်ပတ်ကြသော ရှေးဟောင်းမြို့တော်ကြီး ဖြစ်သည့်အပြင် အနုပညာမြောက် ယွန်းထည်ပစ္စည်း၊ ဝါးအခြေခံထုတ်လုပ်ပစ္စည်းများ၊ အနုပညာမြောက် ထုတ်လုပ်ရောင်းဝယ်ကြသော မြို့တော်လည်းဖြစ်ပါသည်။
ဝါးပင်မှ ဝါးနှီးများကိုလွှာပြီး လူသုံးကုန်ပစ္စည်းများထုတ်လုပ်ရောင်းချလျက်ရှိရာခရီးသွား များအတွက် အမှတ်တရလက်ဆောင်များ ဝယ်ယူသုံးစွဲခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်ပါသည်။ အနုပညာမြောက်စွာဖြင့် ဝါးကိုအခြေခံ၍ လူသုံးကုန်ပစ္စည်းများထုတ်လုပ်လျက်ရှိရာ စားပွဲတင် ဝါးမီးအိမ်၊ နံရံကပ်ဝါးမီးအိမ်၊ သစ်သီးထည့်ခြင်းမျိုးစုံ၊ ဝါးနာရီ၊ ဝါးတစ်သျှူးဘောက်မျိုးစုံ၊ ဓာတ်ပုံ ဘောင်၊ မီးဆလိုက်များ၊ သေတ္တာများ၊ ဖုန်းတင်ခုံ၊ ဝါးမီနူးစာအုပ်၊ ဝါးပလိုင်း၊ ဆွမ်းအုပ်၊ ဘုရားပန်းအိုး စသည်တို့သည် အထင်ရှားဆုံးသော ဝါးအခြေခံထုတ်ကုန်များဖြစ်ကြပါသည်။
ဝါးအခြေခံထုတ်ကုန်များ အတွက်လိုအပ်သောကုန်ကြမ်းဝါးကို ပျဉ်းမနား၊ လယ်ဝေး၊ ဗန်းမော် စသည့်ဒေသများမှ မှာယူပြီး၊ နှီးဖြာ၍ ယက်လုပ်ထုတ်လုပ်ကြပါသည်။ ယခင် ဖြစ်ပေါ်ခဲ့သော ဝါးတစ်ချောင်းဈေးအနေဖြင့်(၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ် ခန့်ရှိခဲ့ပြီး ယခုတွင် ဝါးတစ် ချောင်းကို(၃၀၀၀)ကျပ်မှ(၃၅၀၀)ကျပ်ခန့်ဖြင့် ဝယ်ယူကြရကြောင်း သိရသည်။ ဝါးကုန်ထုတ် ပစ္စည်းအနေဖြင့် ဝါးမီးစလောင်းတစ်ခုလျှင် ဒီဇိုင်းနှင့်ဆိုဒ်အမျိုးအစားပေါ်မူတည်၍ (၃၀၀၀၀)ကျပ်မှ (၆၀၀၀၀)ကျပ်၊ သစ်သီထည့်ခြင်းတစ်ခုလျှင်(၁၀၀၀၀)ကျပ်မှ(၁၈၀၀၀)ကျပ်၊ ဆွမ်းအုပ်တစ်ခုလျှင် (၂၆၀၀၀)ကျပ်မှ(၃၅၀၀၀)ကျပ်၊ ဒေါင်းလန်းတစ်ခုလျှင်(၁၂၀၀၀)ကျပ်မှ (၄၀၀၀၀)ကျပ်၊ ညောင်ရေ အိုးတစ်လုံးလျှင်(၃၀၀၀၀)ကျပ်၊ တစ်သျှူးထည့်ဘောက်တစ်ခုလျှင် (၁၁၀၀၀)ကျပ်မှ (၁၃၀၀၀)ကျပ်၊ သေတ္တာတစ်လုံးလျှင်(၁၂၀၀၀)ကျပ်မှ(၁၅၀၀၀)ကျပ် နှုန်းများ ဖြင့် ဆိုဒ်မျိုးစုံ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ကံဝေဆာ ဝါးလက်မှုနှင့်ယွန်းထည် လုပ်ငန်းမိသားစုမှ သိရှိရပါသည်။ ကံဝေဆာ ဝါးလက်မှုနှင့်ယွန်းထည်လုပ်ငန်းအနေဖြင့် ဝါးလက်မှုလုပ်ငန်းကို တီထွင်ထုတ်လုပ်ခဲ့ရာနှစ်(၂၀) ခန့်ရှိပြီး၊ လုပ်သား(၁၀)ဦးဖြင့် လုပ်ကိုင် လျက်ရှိပါသည်။ ထုတ်ကုန်ဝါးလက်မှုအထည်များကို ပုဂံဒေသရှိ ဘုရားဈေးအရောင်းဆိုင်များ၊ ပုဂံလက်ဆောင်ပစ္စည်းများရောင်းချသော အရောင်းဆိုင်များအပြင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အင်းလေး၊ ချောက် စသည့်မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ဝါးထည်ပစ္စည်းများကို အော်ဒါလက်ခံထုတ်လုပ်ပေးလျက်ရှိ ကြောင်း ၊လုပ်သားခများအနေဖြင့် တစ်ဦးလျှင်(၈၀၀၀)ကျပ်မှ(၁၀၀၀၀)ကျပ်ထိ ကျွမ်းကျင်မှုအပေါ်မူ တည်၍ ပေးရကြောင်း၊ ထုတ်ကုန်အနေဖြင့်တစ်ရက်လျှင် ပစ္စည်းအရွယ်အစားပေါ်မူတည်၍ (၃၀)မှ(၅၀)ခု ခန့်အထိ ထုတ်လုပ်လျက်ရှိကြောင်း ၊ ယခုကာလသည် ခရီးသွားရာသီဖြစ်သည့် အတွက် ပိုမိုထုတ်လုပ် ရောင်းချရကြောင်း သိရှိရပါသည်။
ဝါးမှဝါးနှီးဖြာ၍ ထုတ်လုပ်ရသောလုပ်ငန်းဖြစ်သည့်အတွက် အနုစိတ်ထုတ်လုပ်ရသည့် အပြင် ရေရှည်သုံးစွဲနိုင်ရန် စနစ်တကျထုတ်လုပ်လျက်ရှိပြီး အားနည်းချက်အနေဖြင့် ဝါးပိုးကျခြင်းနှင့် ဝါးနှီး မဲညစ်ခြင်းမှကာကွယ်နိုင်ရန်နည်းပညာများ လိုအပ်ချက်ရှိပါကြောင်း၊ ဝါးပိုးမကျအောင် ပိုးသက်ခြင်းနည်းပညာများ လည်းလေ့လာလျက်ရှိပါကြောင်း ကံဝေဆာ ဝါးလက်မှုနှင့် ယွန်းထည်လုပ်ငန်း မိသားစုမှသိရှိရပါသည်။ ဝါးထည်လုပ်ငန်းအနေဖြင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်နိုင်သည်ဖြစ် သဖြင့် ရှေ့ဆက်လက်၍လည်း ပုဂံဒေသထွက်ဝါးထည်လက်မှုပစ္စည်းကို ဆက်လက်၍ တီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)