
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး ဦးဆောင်၍၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်(၁၀:၀၀)နာရီက စစ်ကိုင်းခရိုင်၊ မီးသတ်ဦးစီးဌာန၌ မီးသတ်ဆင့်ပွား သင်တန်းတွင် သင်တန်းသား/သူ (၃၈)ဦးနှင့် နေ့လည်(၁၄:၀၀)နာရီက စစ်ကိုင်းခရိုင်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ အခြေခံ စက်ချုပ်သင်တန်းတွင် သင်တန်းသူ (၁၇)ဦး စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်း၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြော ဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံသမိုင်းနှင့် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်း ချက်တာဝန်များ၊ လုပ်ငန်းတာဝန်များအကြောင်း စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်၉။ ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၉) ပုဒ်မ(၁၉)နှင့် ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏ တာဝန်များကို ရှင်းလင်းပြောကြား ခြင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း (၁၈)၊ ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့်အချက်(၈)ချက်ကို အသေးစိတ် ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှု မရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန်၊ ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေး များရှိကြောင်း၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မိမိတို့ဌာနသို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mmတို့ဖြင့် ဖြစ်စေ၊ Call Center နံပါတ် 1535 တို့ ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန် လိပ်စာများပါသည့် ပန်းဖလက် များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)