
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ခရိုင်ရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ စတိုးဆိုင်နှင့်ကုန်မျိုးစုံဆိုင် (၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။
သောက်ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ (၂/၂၀၁၉) ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနမှ ထောက်ခံချက်များ ပါရှိခြင်း ရှိ/မရှိ လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုပြုသဖြင့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ “Me”စတိုးဆိုင်၊၊ “မိသားစု”ကုန်မျိုးစုံဆိုင်၊ စုစုပေါင်း ဆိုင်(၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ရာ “Lucky” အမှတ်တံဆိပ် သောက်ရေသန့်(၅၀၀မီလီလီတာ)ဘူးများသည် ညွှန်ကြားချက်(၂/၂၀၁၉)နှင့် ကိုက်ညီမှုရှိပြီး FDA ၏ ထောက်ခံချက်အမှတ် ပါရှိသည်ကို စိစစ်တွေ့ရှိရသည်။ ဈေးကွက်အတွင်း “Lucky” နှင့်“Life” အမှတ် တံဆိပ် သောက်ရေသန့်ဘူးများ အများဆုံးရောင်းချပြီး စားသုံးသူများ ဝယ်ယူမှုအများဆုံး အမှတ် တံဆိပ်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များ၏ ပြောကြားချက်အရ သိရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)