တိုယိုတာကုမ္ပဏီ၏ဥက္ကဌဖြစ်သူ Akio Toyoda ကထိုင်းနိုင်ငံတွင် Hybrid ကားများ ထုတ်လုပ်မှုတိုးချဲ့ရန်အတွက် ဘတ် ၅၅ ဘီလီယံရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ပြုခဲ့ကြောင်း ထိုင်းအစိုးရ၏အဆိုအရသိရပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုတွင် Hybrid မော်တော်ယာဉ်နှစ်မျိုးစလုံး အတွက် ဘက်ထရီလျှပ်စစ်မော်တာများနှင့် လောင်စာအင်ဂျင်များထုတ်လုပ်ခြင်းလုပ်ငန်းများ ပါဝင်ကြောင်းနှင့် ထိုရင်းနှီးမြှုပ်နှံမှုသည် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးခြင်း၊ နည်းပညာ လွှဲပြောင်းခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပေးနိုင် ကြောင်း ထိုင်းနိုင်ငံစက်မှုဝန်ကြီးဖြစ်သူ Akanat Promphan ကထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် Mr Toyoda တို့ ဒီဇင်ဘာ ၁၈ရက်နေ့က ထိုင်းအစိုးရရုံးတွင်ပြုလုပ်ခဲ့သည့်အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ပါသည်။ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ၏အဆိုအရ ဝန်ကြီးချုပ်သည် ကားလုပ်ငန်း နယ်ပယ်၏ လိုအပ်ချက်များနှင့် အစိုးရ၏မူဝါဒများကြားချိန်ငြှိရန်နှင့် ထုတ်လုပ်သူနှင့် သုံးစွဲသူ နှစ်ဦးနှစ်ဖက် စီးပွားရေးအကျိုးအမြတ်ရရှိစေရန်အတွက် ဆောင်ရွက်သွားရန် အစိုးရ၏ အဆင်သင့်ဖြစ်နေမှုကို ထပ်မံအာမခံခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ထိုင်းအစိုးရသည် နိုင်ငံတွင် ဂျပန်၏ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဆက်စပ်နေသည့်လုပ်ငန်းနယ်ပယ်များရှိ ထိုင်းစီပွားရေး လုပ်ငန်းများနှင့် ပြည်တွင်းအစိတ် အပိုင်းထုတ်လုပ်သူများအပေါ်တွင် ယုံကြည်ချက် မြှင့်တင်ရန် နှင့် ရင်းနှီးမြှုပ်နှံမှုများကိုပံ့ပိုးပေးရန် အာမခံခဲ့ကြောင်းသိရပါသည်။ အစိုးရ၏မူဝါဒများတွင် အစိမ်းရောင်စွမ်းအင်ပမာဏအဆင့် မြှင့်တင်ရန်လုပ်ဆောင်နေစဉ်အတွင်း လျှပ်စစ်ကားလုပ်ငန်း စဉ်ဆက်မပြတ်ကြီးထွားမှု မြှင့်တင်ရေး ပါဝင်ကြောင်းသိရပါသည်။ Mr Toyoda က လုပ်ငန်း နယ်ပယ်အတွက် ထိုင်းဝန်ကြီးချုပ်နှင့် အစိုးရ၏ ကာလကြာရှည် ပံ့ပိုးပေးခဲ့မှုကို ကျေးဇူးတင် ကြောင်းနှင့် ထိုင်းနိုင်ငံထုတ်မော်တော်ယာဉ် အစိတ်အပိုင်းများသည် ဂျပန်ထုတ်ပစ္စည်းများနှင့် အရည်အသွေးနှင့်စံနှုန်းတွင်တူညီသည်ဟု အသိအမှတ်ပြုခံရကြောင်းပြောကြားခဲ့ပါသည်။ တိုယိုတာသည် ထိုင်းနိုင်ငံတွင်လုပ်ငန်းလုပ်ကိုင်လျှက်ရှိသည်မှာ နှစ် ၆၀ ကျော်ပြီးဖြစ်ပြီး အဓိက ထုတ်လုပ်ရာအချက်အချာအဖြစ် အသုံးပြုလျှက် ရှိကြောင်းသိရပါသည်။ နှစ်ဖက်စလုံးသည် ထိုင်းနိုင်ငံတွင်မော်တော်ယာဉ်လုပ်ငန်းအားကောင်း လာစေရန်အတွက် မဟာဗျူဟာများကို ဆွေးနွေးခဲ့ကြောင်းသိရပါသည်။ ထို့ပြင်မူဝါဒများနှင့် စီမံချက်များသည် မော်တော်ယာဉ် အသုံးပြုသူများနှင့် စီးပွားရေးလုပ်ငန်းများအထူးသဖြင့် Hybrid မော်တော်ယာဉ်များ ထုတ်လုပ် ခြင်းတွင် လိုအပ်ချက်နှင့်ကိုက်ညီရန်အရေးကြီးကြောင်းကို သဘော တူညီခဲ့ကြကြောင်းသိရပါ သည်။ ကမ္ဘာ့အကြီးမားဆုံးကားကုမ္ပဏီဖြစ်သည့် တိုယိုတာသည် လျှပ်စစ်ကားရောင်းချရမှု အရေအတွက် အလွန်နည်းပါးသည့်အတွက် ဝေဖန်မှုများခံခဲ့ရသော်လည်း Hybrid မော်တော်ယာဉ် ထုတ်လုပ်မှုကိုအာရုံစိုက်ရန် ၎င်းတို့ဆုံးဖြတ်ချက်သည် ဘဏ္ဍာရေးပိုင်းအရ အောင်မြင်မှုရနေပြီ ဖြစ်ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)