ကတွက်သီးမှတစ်ဆင့်တန်ဖိုးမြှင့်ထုတ်ကုန်

Powered by Drupal

             မြန်မာနိုင်ငံတွင် ကတွက်သီးပင်များမှာ နေရာအနှံ့အပြားတွင် အလေ့ကျပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ပေါက်ရောက်မှုများပါသည်။ ကတွက် ပင်မှသီးသော ကတွက်သီးကို လူအများမှ စားသုံးရန်သိသောသူရှိသကဲ့သို့ မသိသောသူများလည်း ရှိပါသည်။ ပြည်ခရိုင်အနေဖြင့် ကတွက်ပင်အများဆုံးပေါက်ရောက်သောမြို့မှာ ပြည်မြို့ဖြစ်ပြီး ထွက် ရှိသော ကျေးရွာများမှာ ပျဉ်ပင်ကိုင်း၊ အေးမြသာယာ နှင့် ရွာသစ်ကျေးရွာတို့တွင် အလေ့ကျပေါက် ရောက်ကြပါသည်။ ကတွက်ပင်မှာ နှစ်ရှည်ပင်ဖြစ်ပြီး အမြဲစိမ်းလန်းသောအပင်တစ်မျိုး ဖြစ်ပါသည်။ ကတွက်ပင်မှာ အသီးကို ပင်စည်တွင်ပြွတ်ခဲနေအောင်သီးပါသည်။ ကတွက်သီးသည် နှစ်ပတ်လည် သီးသောအသီးမျိုးဖြစ်ပြီး ဝါဆို၊ ဝါခေါင် နှင့်တော်သလင်းလတို့သည် အသီးအများဆုံးသီးသော ကာလများ ဖြစ်၍ကျန်လများတွင် အနည်းငယ်သာသီးပြီး အသီးမှာအနည်းငယ်သေး၍ အရည် အသွေးမကောင်းပါ။ ကတွက်သီးအမှည့်ကို သူ့ချည်းအတိုင်းစားသုံးကြသလို ထန်းလျက်၊ သကြား တို့ဖြင့်ယိုထိုး၍လည်း စားကြပါသည်။

           ပြည်ခရိုင်အနေဖြင့် ကတွက်သီးကို တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရောင်းချသောမြို့မှာ ပြည်မြို့ဖြစ်ပါသည်။ ပြည်မြို့တွင် ကတွက်ယိုလုပ်ငန်းကို ထုတ်လုပ်ရောင်းချသူ အများအပြားရှိပြီး ပြည်လက်ဆောင်ကတွက်ယိုအဖြစ် လူသိထင်ရှားရှိပါသည်။ ထိုကတွက်ယိုကို ထပ်မံ၍ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ကတွက်သီးဂျယ်လီနှင့် ကတွက်သီးဖျော်ရည်များ ထပ်မံတိုးချဲ့ ထုတ်လုပ်ရောင်းချ ရန် စီစဉ်လျက်ရှိပါသည်။ ထို့သိုအလေ့ကျပေါက်ရောက်သော ကတွက်သီးကို တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ်ကတွက်ယို၊ ကတွက်သီးဂျယ်လီ၊ ကတွက်သီးဖျော်ရည်များကို ထုတ်လုပ်ရောင်းချနိုင်မည် ဆိုလျှင် MSMEs ကဏ္ဍလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်သကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လည်း အကျိုးအမြတ်များရရှိနိုင်မည်ဖြစ်ပါသည်။

            ပြည်မြို့မှထွက်ရှိသော ကတွက်သီးများကို ဒေသတွင်းဈေးကွက်များတွင် ရောင်းချသလို ယိုမျိုးစုံလုပ်ငန်းရှင်များကလည်း ရသလောက် အဝယ်ရှိပါသည်။ ယိုစုံလုပ်ငန်းရှင်များက နှစ်ပတ် လည်ရောင်းချနိုင်ရေးအတွက် ရသလောက်ဝယ်ယူမှုရှိသဖြင့် ဈေးကွက်တွင် အနည်းငယ်သာ ရောင်းချကြောင်း သိရပါသည်။ ရောင်းချသော ကတွက်သီးဈေးမှာ အလုံး အကြီး၊ အသေး သောင်းပြောင်း (၁၀၀)လျှင် (၁၀၀၀-၁၂၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ထို့ကြောင့် ကတွက်သီးမှာ အရင်းအနှီးကုန်ကျစရိတ်မရှိဘဲ အလေ့ကျပေါက်သော သီးပင်တစ်မျိုးဖြစ်၍ ပေါက်ရောက်သော အိမ်များ၊ ခြံများရှိပိုင်ရှင်များမှာ နှစ်စဉ်မြေကြီးကငွေသီးပြီး မိသားစုဝင်ငွေများ လည်းရရှိနိုင်ပါသည်။ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များအနေဖြင့်လည်း ကတွက်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ကတွက်ယိုများပြုလုပ်၍ ရောင်းချခြင်းဖြင့်လည်း စားသုံး သူများက ကြိုက်နှစ်သက်၍ ရောင်းချရသလို အိမ်တွင်းစီးပွားရေးလုပ်ငန်းအဖြစ် ကတွက်သီးဂျယ်လီ၊ ကတွက်သီး ဖျော်ရည်များကို ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး မိသားစုအတွက် အလုပ် အကိုင်များလည်းရရှိသလို အခြားသူများအတွက်လည်း အလုပ်အကိုင်အခွင့် အလမ်းများလည်း ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)