တရုတ်နိုင်ငံသည် ဩစတြေးလျနှင့် နှစ်အတော်ကြာ တင်းမာနေသည့် ဆက်ဆံရေး ကာလအတွင်း (ဝိုင်မှ သစ်သားအထိ) အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံကျော် တန်ဖိုးရှိသော သြစတြေးလျ ပို့ကုန်များအပေါ် လက်တုံ့ပြန်သော အခွန်အခများကောက်ခံခြင်း သို့မဟုတ် တားမြစ်ခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။ တရုတ်နိုင်ငံသည် ဩစတြေးလျနိုင်ငံ၏ကျောက်ပုဇွန် တင်သွင်းမှုများအား ၂၀၂၀ ခုနှစ်ကစတင်ပိတ်ပင်ခဲ့ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ တန်ဖိုးရှိသော ကျောက်ပုစွန် ကုန်သွယ်မှုသည် ဩစတြေးလျ သံတမန်ရေးရာ ကြိုးပမ်းမှုများ လအတန်ကြာပြီးနောက် ပိတ်ဆို့ဒဏ်ခတ်မှုအောက်တွင် ဆက်ရှိနေသော ဩစတြေးလျပို့ကုန်များအနက် နောက်ဆုံးတစ်ခုလည်းဖြစ်သည်။ လာအိုတွင် တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် တွေ့ဆုံပြီးနောက် တရုတ်နိုင်ငံသည် သြစတြေးလျကျောက်ပုဇွန်များအား တင်သွင်းခွင့်ကိုပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်းသြစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်လ်ဘာနီးစ် ၏ ၂၀၂၄ အောက်တိုဘာလက ပြောကြားချက်အရသိရသည်။ ဩစတြေးလျမှ ကျောက်ပုဇွန်များ အား တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့နိုင်ရန် တရုတ်နိုင်ငံမှ အတည်ပြုထားကြောင်း၊ သြစတေးလျ မှ ကျောက်ပုဇွန်မွေးမြူထုတ်လုပ်သူများနှင့် ငါးဖမ်းသမားများသည် တရုတ်ဈေးကွက်သို့ ပြန်လည် ဝင်ရောက်ရန် သွင်းကုန်ပါမစ်များ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Julie Collins က သတင်းထောက်များအား ပြောကြားခဲ့သည်။ ပိတ်ပင်မှုမတိုင်မီ သြစတြေးလျ၏ ကျောက်ပုစွန်တင်ပို့မှု ခန့်မှန်းခြေ ၉၇.၇ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ရောင်းချခဲ့ပြီး တစ်နှစ်လျှင် တန်ချိန် ၁၆၀၀ ကျော်ရှိကြောင်းသိရသည်။ သြစတြေးလျ ထုတ်လုပ်သူအချို့သည် အမေရိက၊ ဥရောပ၊ အာရှနှင့် အရှေ့အလယ်ပိုင်းတို့တွင် စျေးကွက်အသစ်များ စတင်တွေ့ရှိလာခဲ့ကြပြီး ဟောင်ကောင်၊ ဟနွိုင်းနှင့် အခြားအာရှမြို့ကြီးများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်း ဖြင့် ပိတ်ဆို့မှုများစွာကို တွန်းလှန်ခဲ့သည်။ တားမြစ်ပိတ်ပင်မှုများပြုလုပ်ပြီးနောက် ဟောင်ကောင် တစ်ခုတည်းသို့ ကျောက်ပုဇွန် တင်ပို့မှု ပမာဏသည် ၆၁၀၀ ရာခိုင်နှုန်းကျော် တက်လာခဲ့ ကြောင်း ဆစ်ဒနီနည်းပညာတက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့သည်။ ကျောက်ပုဇွန် ကဲ့သို့သော အစားအစာများအား ၀ယ်လိုအားများလာသောကြောင့် ဩစတြေးလျ ပို့ကုန် လုပ်ငန်းရှင်များသည် တရုတ်နှစ်သစ်ကူးကာလတွင် ပို့ကုန်များ ပြန်လည်စတင်နိုင်ရန် မျှော်လင့် ထားကြကြောင်း သိရသည်။
DOCA(ရန်ကုန်)