စစ်ကိုင်းတိုင်းဒေသကြီးက ပြည်ပဈေးကွက်ဝင် လယ်ယာ ထွက်ကုန်ပစ္စည်းများ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီးသည် တွင်းထွက်ရတနာမျိုးစုံနှင့် ပြည်တွင်းပြည်ပဈေးကွက်ဝင် လယ်ယာထွက်ကုန်ပစ္စည်းမျိုးစုံထွက်ရှိသော အဖိုးတန်မြေ ကြီးပိုင်ဆိုင်သော ဒေသကြီးဖြစ်ပါသည်။ တိုင်းဒေသကြီး၏ အနောက်ဖက်တွင် မြောက်မှတောင်သို့စီး ဆင်းသည့် ချင်းတွင်းမြစ်ရှိပြီး သယ်ယူပို့ ဆောင်ရေးနှင့် စိုက်ပျိုးရေးအတွက်အလွန်အရေးပါသော မြစ်တစ်စင်းဖြစ်ပါသည်။ မူးမြစ်သည် တိုင်းဒေသကြီး၏ အလယ်တည့်တည့်မှဖြတ်စီးဆင်းပြီး ရွှေဘိုပေါ်ဆန်းဆန်များ၏ ရေသောက်မြစ် ကြီးလည်းဖြစ်ပါသည်။ ဤဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယဆန်အိုးကြီးနှင့် ဒုတိယဆီအိုးကြီး ဟူ၍ ခေါ်ဝေါ်ခြင်းခံခဲ့ဘူးသည်။

           စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေ၊ ကြေးနီ၊ အဖိုးတန်ကျောက်မျက်များ၊ ကျောက်မီးသွေးနှင့် ပထမတန်းဝင်သစ်များထွက်ရှိပြီး နိုင်ငံကျော် ရွှေဘိုပေါ်ဆန်းဆန်များ၏ အောင်မြေလည်းဖြစ်ပေ သည်။ ထို့အပြင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ကုလားပဲ၊ မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ပဲကြီး၊ မြေထောက်ပဲ၊ ဂျုံ၊ ကြက်သွန်နီ၊ ငရုတ်၊ ခရမ်းချဉ်၊ တမူးနှင့်ကလေးမြို့နယ်များတွင် မျောက်ငို၊ စသည့်သီးနှံများ စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စက်မှုကုန် ကြမ်းများ အဖြစ် ကြံနှင့်ဝါများစိုက်ပျိုးလျက်ရှိကြပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းမှထွက်သော ဂျုံသည် နိုင်ငံတကာဈေးကွက်သို့ ထိုး ဖောက်နိုင်သည်အထိ ဖြစ်ထွန်းခဲ့သည်။ ကုလားပဲသည်လည်း တနိုင်ငံလုံးတွင် အထွက်ဆုံးနှင့် အကောင်းဆုံးအဖြစ်ထင်ရှားခဲ့သည်။  ထို့အပြင် ပဲကြီးသည်လည်း အခြားတိုင်းဒေသကြီး များက ပဲကြီးများထက် အရည်အသွေးပိုမြင့်မားကြောင်းသိရသည်။ မြေလတ်ဒေသ ပဲကြော်လုပ်ငန်းရှင်အ များစုက မုံရွာပဲကြီးကို ဝယ်ယူရကြောင်း သိရှိရသည်။

          ၂၀၂၃-၂၀၂၄ ခုနှစ်စိုက်ပျိုးရာသီထွက် သီးနှံများအနက် မြေပဲဆံ၊ နှမ်းနက်၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီး၊ ကုလားပဲ၊ မြေထောက်ပဲနှင့် ပြောင်း သီးနှံများကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးရှိ ပြည်ပ တင်ပို့သူ(Exporter) များမှတဆင့် ပြည်ပသို့တင်ပို့ကြကြောင်းသိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေပဲအမျိုးမျိုးကို မိုးနှင့်ဆောင်း (၉၄၄၄၅၄)ဧကစိုက်ပျိုးခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စုစုပေါင်း(၃၀၉.၅၉၄)တန်၊ တန်ဖိုးအားဖြင့်-ကျပ်သန်းပေါင်း (၃၆၈၅.၅၀)ကို ပြည်ပသို့တင်ပို့နိုင်ရေး ရောင်းချနိုင်ခဲ့ ကြောင်းသိရပါသည်။

          နှမ်းသီးနှံ စိုက်ဧက(၉၇၅၃၁၅)ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်ဒီဇင်ဘလတွင်(၁၂၄၂.၃၄၂)တန်၊ တန်ဖိုးအားဖြင့်ကျပ်သန်းပေါင်း(၇၂၃၄.၅၀)ဖိုးအားပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ရောင်းချ နိုင်ခဲ့ကြောင်းသိရသည်။ ပဲစဉ်းငုံ စိုက်ဧက(၄၆၆၀၀၂)စိုက်ပျိုးရာမှ ပြည်ပသို့တင်ပို့ရန် (၂၅၄.၈၁၉)တန်၊ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း(၈၈၁.၄၀)ဖိုးကို ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။ ထို့အတူပဲတီစိမ်း စိုက်ဧက(၅၆၃၈၀၁)၊ ပြည်ပသို့တင်ပို့ရန်ရောင်းချနိုင်မှု (၃၈၂.၂၂၈)တန်၊ တန်ဖိုး ကျပ်သန်းပေါင်း(၁၁၁၁.၅၀)အားရောင်းချနိုင်ခဲ့ကြောင်းသိရသည်။ မတ်ပဲ စိုက်ဧက(၁၇၉၁၃၉)၊ ပြည် ပတင်ပို့ရန်(၁၂၇.၄၀၉)တန်နှင့် တန်ဖိုး- ကျပ်သန်း(၄၂၉.၀၀)အားရောင်းချခဲ့ကြောင်းသိရပါသည်။

          ပြည်တွင်းပြည်ပ ဝယ်လက်များနှစ်သက်သည့် ပဲကြီးသည်လည်း(၆၅၆၈၄)ဧကစိုက်ပျိုးပြီး၊ (၄၈၈.၄၁၆ ) တန် အား- ကျပ်သန်းပေါင်း(၁၄၁၉.၆၀)ဖြင့်ရောင်းချခဲ့ကြောင်းသိရပါသည်။ ကုလားပဲ စိုက်ဧက(၄၂၁၁၀၉)ဖြစ်ပြီးအထွက်များမှ(၁၄၆၅.၂၄၇)တန်အား ကျပ်သန်းပေါင်း(၄၅၈၆.၄၀) ပြည်ပ တင်ပို့နိုင်ရေး ရောင်းချခဲ့ကြောင်းသိရပါသည်။ မြေထောက်ပဲ စိုက်ဧက(၆၄၇၉၇)၊ ပြည်ပတင် ပို့ရန်ရောင်းချနိုင်မှု(၇၇.၂၂၀)တန်အား ကျပ်သန်းပေါင်း(၂၂၂.၃၀)ဖြင့် ရောင်းချခဲ့ကြောင်းသိရပါသည်။ ၎င်းနည်းတူ ပြောင်းစိုက်ပျိုးမှုတွင်လည်း (၁၉၀၀၆၅)ဧကဖြစ်ပြီး ပြည်ပဈေးကွက်သို့ တင်ပို့ရန် အတွက်(၁၄၅၉.၉၄၅)တန်ကို ကျပ်သန်းပေါင်း(၁၆၉၆.၅၀)ဖြင့် တင်ပို့ရောင်းချခဲ့ကြောင်း နှင့် စုစု ပေါင်း ဒီဇင်ဘာလတစ်လတည်း တင်ပို့ရောင်းချနိုင်ခဲ့သည် လယ်ယာထွက် ကုန်ပစ္စည်းများမှာ (၅၈၀၇.၂၂၁)တန်ရှိပြီး ကျပ်သန်းပေါင်း(၂၁၂၆၆.၇၀)ရှိကြောင်း သိရပါသည်။

          အထက်ဖော်ပြပါ ပြည်ပတင်ပို့မှုကိန်းဂဏန်းများသည် မုံရွာကုန်စည်ဒိုင်တစ်ခုတည်းမှ တင်ပို့နေခြင်းဖြစ်ပြီး ဒီဇင်ဘာလအတွင်း တင်ပို့မှုများဖြစ်ပါသည်။ အခြားခရိုင်များက ထွက်ပြီး ပြည်ပတင်ပို့ရန် ရောင်းချသည့် လယ်ယာထွက်ကုန်ပစ္စည်းများပါရှိခြင်းမရှိသေးပါ။ အကယ်၍ နယ် မြေလုံခြုံရေး ကောင်းမွန်ပြီး လွတ်လပ်စွာ ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက စစ်ကိုင်းတိုင်း ဒေသကြီးသည် ပြည်ပပို့ကုန်တင်ပို့နိုင်မှုအတွက် ထိပ်ဆုံးတိုင်းဒေသကြီး ဖြစ်လာနိုင်ဖွယ်ရာရှိပါ သည်။

          စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် ဘက်စုံကဏ္ဍစုံအတွက်အခရာဖြစ်သည်။ သို့အတွက် ကြောင့်ပို့ကုန်(၂)ဆတိုးမြှင့်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဝန်ထမ်းများက အားသွန်ခွန်စိုက် ကြိုးစားဖော်‌ဆောင်လျက်ရှိကြပါသည်။ ကုန်စည်ဒိုင်သို့နေ့စဉ် သွားရောက်သတင်း ယူခြင်း၊ တိုင်းဒေသကြီးအစိုးရသို့ တင်ပြခြင်းနှင့်လမ်းညွှန်မှုခံယူခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများအား တွေ့ဆုံ၍ လိုအပ်သည့် လုပ်ငန်းစဉ်များအား ဝန်ဆောင်မှုပေးခြင်း စသည့် ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်း စဉ်များအား ဆောင်ရွက်လျက်ရှိကြပါသည်။

          ကုန်စည်စီးဆင်း မှုမှန်ကန်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ပြင်းပြင်းဖြင့်ဆောင်ရွက် ခြင်း၊ ဈေးကွက်ညွှန်ပြနိုင်ခြင်း စသည့်လုပ်ငန်းစဉ်များအား ယနေ့ စီးပွား‌ရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနရှိ ဦးစီးဌာနများက အပူတပြင်းဆောင်ရွက်လျက်ရှိနေပါသည်။ အောက်ခြေ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လမ်းကြောင်းလေးများ ပြန်ပေါ်လာနေပြီဖြစ်ပြီး ကုန်စည်တင် ပို့ရောင်းချမှု မြန်ဆန်သွက်လက်လာသည်နှင့်အမျှ ဒေသတွင်းနယ်မြေလုံခြုံရေးလည်း ကောင်းလာ လိမ့်မည်ဟု ယုံကြည်မျှော်လင့်ရင်း ကြိုးစားဆောင်ရွက်လျက်ရှိကြပါကြောင်း ရေးသားတင်ပြ လိုက်ပါသည်။

DOCA(စစ်ကိုင်း)