မကွေးမြို့၏ ပဲမျိုးစုံနှင့် နှမ်းဈေးနှုန်းဈေးကွက်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်ရွာ ဟောင်းကန်၊ သစ်ရာကောက်စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်၊ တောင်တွင်း ကြီး၊ မြို့သစ်မြို့တို့မှထွက်ရှိသော   ပဲတီစိမ်း၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲ၊ ကုလားပဲ၊ မြေပဲနှင့် နှမ်းသီး နှံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

ပဲတီစိမ်း

          မကွေးဈေးကွက်၌ ကျေးရွာများမှထွက်ရှိသည့် ပဲတီစိမ်းသီးနှံများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ပဲတီစိမ်းတစ်တင်းလျှင် ငွေကျပ်(၁၀၀၀၀၀-၁၀၂၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်ပြီး ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချပြီး ထိုမှတစ်ဆင့်  ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ မကွေးမြို့မှရန်ကုန်မြို့သို့ တစ်ပတ်အတွင်း အိတ်ရေ(၁၅၀၀)တင်ပို့ခဲ့ပြီး တန်ချိန်(၂၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

မြေပဲ

          မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်းမြေပဲကို ဩဂုတ်လတွင် စိုက်ပျိုးပြီး အောက်တိုဘာလကုန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။ ဒီဇင်ဘာလ(စတုတ္ထပတ်) တွင် မြေပဲလုံးဆံ(နီ)တစ်ပိဿာလျှင် ကျပ်(၈၂၀၀)၊ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင် ကျပ်(၈၄၀၀)၊ မြေပဲအောက်ကျ(ဆီဆံ)တစ်ပိဿာလျှင် ကျပ်(၇၃၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထွက်ရှိသည့် ဆောင်းမြေပဲများကို မကွေးမြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတဆင့် ရန်ကုန် မြို့နှင့် မန္တလေးမြို့များသို့လည်းကောင်း၊ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်း၊ မကွေးမြို့မှရန်ကုန်မြို့သို့ တစ်ပတ်အတွင်း မြေပဲအိတ်ရေ(၅၀၀)၊ မန္တလေးမြို့ မြေပဲအိတ်ရေ(၂၀၀၀)၊ တန်ချိန်(၁၀၀)ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း  သိရှိရသည်။

ကုလားပဲ

          မကွေးဈေးကွက်၌ မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဈေးနှုန်း အနေဖြင့် ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ကုလားပဲ(ဟော်လန်)တစ်တင်းလျှင် ငွေကျပ်(၉၇၅၀၀)၊ ကုလားပဲ(929) တစ်တင်းလျှင်  ငွေကျပ် (၉၈၅၀၀) ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုလားပဲသီးနှံ ထွက်ပေါ်ရာသီ မဟုတ်သည့်အတွက် အရောင်းအဝယ်အေးကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့နှင့် တောင်တွင်းကြီးမြို့ရှိ  သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ဒေသတွင်းရှိ ပဲကြော်၊ ပဲလှော်၊ မုန့်လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်း၊  မကွေးမြို့မှရန်ကုန်မြို့သို့ တစ်ပတ်အတွင်း ကုလားပဲအိတ်ရေ(၇၀၀)၊ တန်ချိန်(၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  သိရသည်။

ပဲစဉ်းငုံ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်) တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၁၁၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ ရောင်းချ ပြီး ထိုမှတဆင့် ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများသို့ တင်ပို့လျက်ရှိကြောင်း၊ မကွေးမြို့နယ် အတွင်းရှိ ပုထိုးစမ်း၊ မကြီးကန်၊ လျောင်းတော်ဦး၊ ကံသစ်ရွာဟောင်းကန်၊ မိကျောင်းရဲ၊ သစ်ရာကောက် စသည့်ကျေးရွာတို့၌ ပဲစဉ်းငုံသီးနှံကို သီးထပ်၊ သီးညှပ်အဖြစ်  နှစ်စဉ်တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း၊ မကွေးမြို့မှ ရန်ကုန်မြို့သို့ တစ်ပတ်အတွင်း ပဲစဉ်းငုံအိတ်ရေ(၃၅၀)တင်ပို့လျက်ရှိကြောင်း သိရသည်။

နှမ်း

          မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်တွင် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံဖြစ်သည့် ပဲနှင့်နှမ်းများ နေ့စဉ် ဈေးကွက်အတွင်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စိုက်ပျိုးထွက်ရှိမှုများသော နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီး၊ ရေနံချောင်းမြို့တို့မှ အဓိကဝင်ရောက်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၁၇၀၀၀)၊ နှမ်းဖြူ ကျပ်(၁၃၂၀၀၀)၊ နှမ်းနက်စမုန် ကျပ်(၂၃၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် သီးနှံပေါ်ချိန်ဖြစ်၍ မကွေးမြို့ဈေးကွက်သို့ ကုန်ဝင် ရောက်မှုများကြောင်း၊ မကွေးဈေးကွက်မှတဆင့် မန္တလေးဈေးကွက်သို့ အဓိကတင်ပို့ရောင်းချ ကြောင်း၊ မကွေးမြို့မှ မန္တလေးမြို့သို့ တစ်ပတ်အတွင်း နှမ်းအိတ်ရေ(၁၀၀၀)၊ တန်ချိန်(၂၀၀)ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)