မွန်ပြည်နယ်၊ ပေါင်မြို့နယ်ဒေသရှိ ကုလားမတောင်တန်းနှင့် တောတောင်များ၊ ဥယျာဉ် ခြံများတွင် ကြက်ပေါင်သီးအပင်များမှာ သဘာဝအလျောက် ပေါက်ရောက်ရှင်သန်လျက်ရှိရာ ရာသီပေါ်ချိန်ကာလတွင် ဒေသခံများက မိသားစုအပိုဝင်ငွေရရှိရန်အတွက် ကြက်ပေါင်သီးများ ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။
ကြက်ပေါင်သီးများကို ဒေသခံများက သရေစာအဖြစ်လည်းကောင်း၊ ငါးနှင့်တွဲ၍ ဟင်းလျာအဖြစ်လည်းကောင်း၊ သနပ်အဖြစ်သော်လည်းကောင်း၊ ငါးပိ၊ ပုဇွန်ခြောက်နှင့် တွဲကြော်၍ပြုလုပ်စားသုံးကြကာ ဒေသအတွင်းတွင် နှစ်သက်စားသုံးသူများပြားလာခြင်း၊ ရန်ကုန်၊ မန္တလေးနှင့်အခြားမြို့များသို့ ပို့ဆောင်ရောင်းချခြင်း၊ လက်ဆောင်ပေးခြင်း၊ ဆိုင်တင် ရောင်းချခြင်းတို့ကြောင့် အဝယ်လိုက်ကာ၊ ယခင်ကကြက်ပေါင်သီးအလုံး (၅၀) ပါအစည်းကြီး တစ်စည်းလျှင် (၇၀၀၀) ကျပ်ရရှိခဲ့ရာမှ ယခုအခါ (၅၀၀၀) ကျပ်သာ ဈေးရရှိလျှက်ကြောင်း သိရှိရသည်။
ကြက်ပေါင်သီးများမှာ နွယ်ပင်မျိုးဖြစ်၍ ချဉ်သောအရသာရှိကာ စိုက်ပျိုးထားမှုမရှိဘဲ ဥယျာဉ်ခြံများရှိ သစ်ပင်များတွင် သဘာဝအလျောက်တွယ်ကပ်ရှင်သန်လျက်ရှိရာ ဒေသခံ ဥယျာဉ်ခြံပိုင်ရှင်များက ပြုစုထိန်းသိမ်းစောင့်ရှောက်ထားကြသည်။ ထိုကြက်ပေါင်သီးများသည် ယခုဒီဇင်ဘာ ဒုတိယပတ်နှင့်တတိယပတ်တို့တွင် အသီးများရင့်လာပြီး ဖြစ်သည့်အတွက် ဒေသခံပြည်သူများက ဆွတ်ခူးရောင်းချကြရာ မိသားစုအပိုဝင်ငွေများ ရရှိကြောင်း သိရသည်။
DOCA(မွန်)