မုဒုံမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ ရွှေဖရုံသီးများစျေးကောင်းရရှိ

Powered by Drupal

        မွန်ပြည်နယ်၊ မုဒုံမြို့တွင် မြို့အနီးပတ်ဝန်းကျင်နှင့် ကျေးရွာများ၌ စိုက်ပျိုးထားကြသည့် ဆောင်းသီးနှံ ရွှေဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများ အဆင်ပြေလျက်ရှိသည်။

       မုဒုံမြို့နယ်တွင် ဆောင်းသီးနှံများကို မိုးစပါးများရိတ်သိမ်းပြီးချိန် ဒီဇင်ဘာလမှစ၍ ပန်းဂေါ်ဖီ၊ ဖူးစားပြောင်း၊ ပဲတောက်ရှည်၊ ခရမ်းသီး၊ မုန်လာဥဖြူ၊ ကြက်ဟင်းခါးသီး၊ ဟင်းနုနွယ်၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး စသည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြကြောင်း၊ မြေတစ်နေရာတည်းတွင် သီးနှံတစ်မျိုးထဲ ဆက်တိုက်စိုက်ပျိုးပါက ပိုးမွှားရောဂါအန္တရာယ်များ ကျရောက်ဖျက်စီးမှုများသဖြင့် သီးနှံအလှည့်ကျ စိုက်ပျိုးကြကြောင်း၊ ရွှေဖရုံပင်များကို စိုက်ပျိုးရာတွင် စိုက်ခင်းများ ရေမဝပ်စေရန် အထူးဂရုပြုရပြီး အပင်မစိုက်မီ လယ်ယာမြေ ထယ်ထိုး၍ မြေပြုပြင်ရခြင်း၊ သဘာဝဓာတ်မြေသြဇာ စနစ်တကျ ထည့်သွင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရကြောင်း၊ အပင်များကို များသောအားဖြင့် မြေပေါ်တွင် လျှောက်သွားစနစ်ဖြင့် စိုက်ပျိုး၍ ရက် ၁၀၀ ခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း ဖယ်ဒိုကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။

       ရွှေဖရုံသီးများကို မြို့ပေါ်စျေးများအပြင် အခြားဒေသများမှ ကုန်စိမ်းကုန်သည်များက ရွှေဖရုံသီးအပါအဝင် အခြားဟင်းသီးဟင်းရွက်များကို လာရောက်ဝယ်ယူကြပြီး ရွှေဖရုံသီး တစ်လုံးလျှင် အရွယ်အစားအလိုက် ငွေကျပ် ၁၅၀၀ မှ ၄၀၀၀ ကျပ်အထိ ရရှိကာ ရွှေဖရုံစိုက်ခင်း တစ်ဧကလျှင် အလုံးရေ ၁၅၀၀ မှ ၂၀၀၀ ထွက်ရှိကြောင်း သိရသည်။

DOCA(မွန်)