
ဝန်ထမ်းများ လုပ်ငန်းတာဝန်များ ထမ်းဆောင်ကြသည့်အခါတွင် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဌာနကျိုး၊ အများပြည်သူ၏အကျိုးများကို မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝ ဆောင်ရွက်တတ်စေရန်၊ ဝန်ထမ်းတစ်ဦးခြင်းအလိုက် သိသင့်သိထိုက်သည့် လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ မြင့်မားစေရန်၊ အသိပညာဗဟုသုတများ၊ စကားပြောစွမ်းရည်များကောင်းမွန်စေရန် တို့အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၂၆.၁၂.၂၀၂၄) ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက် ညွှန်ကြားရေးမှူး)မှ မိမိတို့ဌာန အနေဖြင့် အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသည့် ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ဌာနမှပြဌာန်းထားသော ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးသည့်အခါတွင်ဖြစ်စေ၊ ညွှန်ကြားချက်များကို မြေပြင်ကွင်း ဆင်းဆောင်ရွက်သည့် အခါတွင်ဖြစ်စေ မိမိဟောပြောဆွေးနွေးချက်နှင့်ဆိုလိုရင်းကို အများ ပြည်သူများမှ ရှင်းရှင်း လင်းလင်းနှင့် နားလည်အဘောပေါက်သွားစေရန် ပြောဆိုဆွေးနွေး တတ်ရန် လိုအပ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ များတွင် ဟောပြောဆွေးနွေးရမည့် အချက်အလက်များ၊ ပြောဆိုဆွေးနွေးရမည့် လေယူ လေသိမ်း၊ ကိုယ်ဟန်အနေအထား၊ မျက်နှာအမူအရာ၊ အခြား မိတ်ဖက်ဌာနဆိုင်ရာနှင့် ပရိတ်သတ်များကို လေးစားသမှုပြုတတ်စေရန်၊ အခြေအနေနှင့်အချိန်အခါကို ကြည့်၍ အချိန်ဇယားများတွက်ချက်လုပ်ဆောင်တတ်စေရန် စသည်ဖြင့် အကျယ်တဝင့် သင်ပြပို့ချ ခဲ့ပါသည်။
ဆက်လက်၍ ဦးစီးမှူးများမှ ဟောပြောဆွေးနွေးပွဲများတွင် ဟောပြောဆွေးနွေးသူမှ သတိပြုရမည့်အချက်များ၊ ဟောပြောနေစဉ် စင်မြင့်ထက်မှ အမှားများအကြောင်း၊ ထိရောက်မှု မရှိသော တင်ဆက်မှုများ၊ အချက်အလက်များလွန်ကဲခြင်း၊ စိတ်အနှောက်အယှက်ဖြစ်စေသော အမူအရာများ၊ ရှည်လျားသော တင်ဆက်မှုများ၊ သင်ကြားမှု၊ ဆွဲဆောင်မှု၊ ဖျော်ဖြေမှု၊ သရုပ်ပြမှု၊ သတင်းပေးမှုများ စသည်ဖြင့် တစ်ဦးခြင်းအလိုက် ဟောပြောဆွေးနွေးပွဲများမှ အတွေ့ အကြုံများ၊ အကြံဉာဏ်များနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ကြပါသည်။ သင်တန်းသို့ မြင်းခြံခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်း(၈)ဦးနှင့် အွန်လိုင်းမှ တက်ရောက်မှုအနေဖြင့် ညောင်ဦး ခရိုင်မှဝန်ထမ်း(၃)ဦး၊ နွားထိုးကြီးမြို့နယ်မှ(၁)ဦး၊ စုစုပေါင်း(၁၂)ဦးတက်ရောက်ခဲ့ကြောင်း သိရ သည်။
DOCA(မန္တလေး)